နေပြည်တော် ၁၁ ဖေဖော်ဝါရီ
၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် Myanmar Union Day Peace Run (၅)ကီလိုမီတာ အသက်(၁၅)နှစ်အောက် အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိဘုရားရှေ့ ရာဇဌာနီလမ်းတွင် ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ၂၀၂၀ ပြည့်နှစ်(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် Myanmar Union Day Peace Run (၅)ကီလိုမီတာ အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲကို သေနတ်ပစ်ဖောက် တာလွတ်ပေးခဲ့သည်။
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် Myanmar Union Day Peace Run (၅)ကီလိုမီတာ (၁၅)နှစ်အောက် အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်အားကစားသမားများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိဘုရားရှေ့မှ စတင်တာထွက်ပြီး ရာဇဌာနီလမ်းမကြီးအတိုင်း နေပြည်တော်ကောင်စီရုံး ဖြတ်လမ်းမှ ဥပ္ပါတသန္တိဘုရားရှေ့တွင် ပြန်၍ပန်းဝင်ကြသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အမျိုးသားအပြေး ပြိုင်ပွဲတွင် ပထမဆုရရှိသော သက်ဇင်ထွေး (ဇေယျာသီရီ အ.ထ.က-၂)၊ ဒုတိယ အိကိုင်း (စမတောင်)၊ တတိယ စောပြည့်ဝင်း (အ.ထ.ကခွဲ အ.လ.က-၃ ဇဗ္ဗူသီရိ)တို့အား နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် အမျိုးသမီးအပြေးပြိုင်ပွဲတွင် ပထမဆုရရှိသော အေးအေးခိုင် (တပ်ကုန်း/ရွေးစုကျောင်း)၊ ဒုတိယ ဖြူစင်ဖြိုး (တပ်ကုန်း အ.ထ.က-၄)၊ တတိယ စုပုံချစ်(အ.ထ.က-၃ ပုဗ္ဗသီရိ) တို့အား ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆုများပေးအပ်ချီးမြှင့်သည်။
အမျိုးသမီးအပြေးပြိုင်ပွဲတွင် အဆင့်(၄)မှ အဆင့်(၁၀)အတွင်း ပန်းဝင်ကြသူများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်၊ အမျိုးသားအပြေးပြိုင်ပွဲတွင် အဆင့်(၄)မှ အဆင့်(၁၀)အတွင်း ပန်းဝင်ကြသူများအား Wave Plus သောက်ရေသန့်ကုမ္ပဏီမှ Director ဦးသန်းစိုး၊ အမျိုးသားအပြေးပြိုင်ပွဲတွင် အဆင့်(၁၁)မှ အဆင့်(၁၅)အတွင်း ပန်းဝင်ကြသူများအား Wave Plus သောက်ရေသန့်ကုမ္ပဏီမှ MD ဦးညီညီလွင်၊ ကျန်ပြိုင်ပွဲဝင် အားကစားသမား အဆင့်(၂၅၀)အတွင်း ပန်းဝင်ကြသူများအား တာဝန်ရှိသူများမှ ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် Myanmar Union Day Peace Run (၅) ကီလိုမီတာ အသက်(၁၅)နှစ်အောက် အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ် (၈)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ၁၃၁၃ ဦး၊ ကျောင်းသူ ၄၈၇ ဦး စုစုပေါင်း ၁၈၀၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်