မုံရွာ ၅  ဖေဖော်ဝါရီ

 

၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သစ်သီးဝလံနှင့်ပန်းမန်ပြိုင်ပွဲအား စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာ(ရွှေလိမ္မော်ကျွန်း)တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်းတွင် ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှ (၁၂)ရက်နေ့အထိ  ကျင်းပသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

58

 

 ““ သစ်သီးဝလံနဲ့ ပန်းမန်ပြိုင်ပွဲကို (၃)ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်၊ မိမိတို့ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်တဲ့ သီးနှံတွေကို ထုတ်ဖော်ပြသခွင့်ရပြီး တောင်သူအချင်းချင်းလည်း လေ့လာနိုင်ဖို့အတွက် ကျင်းပတာပါ၊ အခုနှစ် ပြိုင်ပွဲမှာလည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြိုင်ပွဲဝင်တောင်သူများနေနဲ့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ ပြည်တွင်း မျိုးတွေ၊ နိုင်ငံခြားမျိုးတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်၊ ထူးခြားတဲ့ အသီး၊အပွင့်၊အရွက်၊ အပင်နဲ့ဥတွေကိုလည်း လာရောက်ပြသနိုင်ပါတယ်၊ ဆုပေးပွဲကို ဖေဖော်ဝါရီလ (၁၂)ရက် နေ့ နံနက်(၈)နာရီမှာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနပြခန်းမှာ ကျင်းပသွားမှာပါ ”” ဟုစစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

 

693

 

မုံရွာမြို့ ကန်သာယာ(ရွှေလိမ္မော်ကျွန်း) အတွင်းကျင်းပမည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သစ်သီးဝလံနှင့် ပန်းမန်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တောင်သူများအနေဖြင့် သစ်သီးဝလံပြိုင်ပွဲတွင် မိမိတို့ကိုယ်တိုင် စိုက်ပျိုးထားသော ဘူးသီး၊ ဖရုံသီး၊သခွားသီး စိတ်ကြိုက် တစ်လုံးစီ၊ မုန်လာပွင့် တစ်ပွင့်၊ ဂေါ်ဖီထုပ် စိတ်ကြိုက်တစ်ထုပ်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ နိုကိုဥနှင့် ခရမ်းသီးတို့ကို ငါးလုံးနှုန်း၊ နဂါးမောက်သီးနှင့် သင်္ဘောသီးတို့ကို သုံးလုံးနှုန်း၊ သံပုရာသီးနှင့် ရှောက်သီးတို့ကို ငါးလုံးပါ အတွဲတစ်တွဲနှုန်း၊ ငရုတ်သီး (၁၀)တောင့်၊ ဆီးသီးနှင့် ခရမ်းချဉ်သီး(၁၀)လုံးနှုန်းဖြင့်လည်းကောင်း၊ အာလူး၊ပိန်းဥနှင့် ဝဥတို့ကို (၅)လုံးနှုန်း၊ ငှက်ပျောသီး၊ အုန်းသီးနှင့် ကွမ်းသီးတို့ကို တစ်ခိုင်နှုန်း၊ ပန်းမန်ပြိုင်ပွဲတွင်(ပန်းအလှ၊ အရွက်အလှ) အတွက် ပန်းအိုးတစ်အိုးနှုန်းဖြင့်လည်းကောင်း ဖေဖော်ဝါရီလ(၉)ရက်နေ့နံနက်ပိုင်းမှစတင်ပြီး ဖေဖော်ဝါရီလ (၁၀) ရက်နေ့ညနေ (၅)နာရီ နောက်ဆုံးထားပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ပြခန်းသို့ လာရောက် ပေးပို့ရမည်ဖြစ်ကြောင်း  သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)