မုံရွာ ၁၁ ဖေဖော်ဝါရီ
(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာကန် အတွင်း ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှာစကားပြောကြားပြီး၊ တိုင်းဒေသကြီး ဝန်ကြီးများဖြစ်သော လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်တို့ နှင့်အတူ ပြိုင်ပွဲမုတ်ဦးအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲအား တိမ်မြုပ်ပျောက်ကွယ်လုနည်းပါးဖြစ်နေသော မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ယဉ်ကျေးမှုအစဉ်အလာများအားပြန်လည်ဖော်ထုတ်ရန်၊ စည်းလုံးစွာ လုပ်ဆောင် တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ယဉ်ကျေးမှုအစဉ်အလာများအား နောင်သားစဉ် မြေးဆက်များသို့ လွှဲပြောင်းပေးနိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲသို့ အမျိုးသား(၅)တက်လှော် အသင်း(၈)သင်း၊ (၇) တက်လှော်အသင်း (၁၂)သင်း စုစုပေါင်းပြိုင်ပွဲဝင်အသင်း(၂၀)ဖြင့် ဖေဖော်ဝါရီလ(၁၁)ရက် နေ့မှ (၁၃) ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)