နေပြည်တော်၊ ၂၄ ဒီဇင်ဘာ
တပ်မတော်(ရေ)၏ (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ရှေးဦးစွာ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်က တပ်တော်ဝင် စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် အိန္ဒိယ တပ်မတော်၊ အရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး Vice Admiral Atul Kumar Jain က ရေငုပ်သင်္ဘောလွှဲပြောင်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာစစ်ရေယာဉ်စုမှူးထံ စစ်ရေယာဉ်များနှင့်ပတ်သက်သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် တပ်တော်ဝင်လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင် စစ်ရေယာဉ်များဖြစ်သည့် တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲသိင်္ခသူ) အပါအဝင် ၆၃ မီတာ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ် ၂ စီး၊ ၄၉ မီတာ အမြန်သွားတိုက်ခိုက်ရေးရေယာဉ် ၁ စီး၊ ၅၆ မီတာ တင့်ကားတင် ကမ်းထိုးရေယာဉ် ၁ စီးနှင့် ၂၆ မီတာ ပင်လယ်သွားတွဲဆွဲရေယာဉ် ၂ စီးတို့အား လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ်(မုတ္တမ)ပေါ်ရှိ အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်တော်ဝင်ရေယာဉ်များ တည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


