ရန်ကုန် ဇန်နဝါရီ ၅
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မ သဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (ဝဋံသကာပါဠိ သိရော မဏိ) အမှူးပြုသော တိပိဋကဓရ တိပိဋကောဝိဒ သြဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်ကြီးများ၊ ကြီးကြပ်ရေး ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွှန့်ဝင်းဆွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဧည့်ပရိသတ်များက တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့၊ သြဝါဒါ စရိယ ဥက္ကဋ္ဌဆရာတော်၊ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ သာသနာ့ဂုဏ်ရည်ကျောင်း ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တပညိဿရာ ဘိဝံသ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္စျာယ် တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ က စာဖြေသံဃာအရှင်သူမြတ်တို့သည် မြတ်စွာဘုရားရှင်၏ သာသနာတော်သုံးရပ်တွင် ရေကန်ကြီးနှင့် နှိုင်းယှဉ်ပါက ကန်ပေါင်ရိုးနှင့် ပမာတူပြီး သစ်ပင်ကြီးနှင့်နှိုင်းယှဉ်ပါက ရေသောက်မြစ် နှင့်ပမာတူသော ပရိယတ္တိ သာသနာတော်ကို အခါလေးမြင့် ရှည်ကြာတင့်အောင် မြှောက်ပင့် အားပေးမည်ဟူသော မြင့်မြတ်သော ရည်သန်ချက်ဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲကြီးသို့ ဝင်ရောက်ဖြေဆိုရန်၊ ပရိယတ္တိစာပေ ပြဋ္ဌာန်းကျမ်းစာများကို အားထုတ်ဆည်းပူးပြီး ဖြေဆိုရန် အသင့်ရှိနေကြပြီဖြစ်ပါ၍ ဘုရားတပည့်တော်တို့ အနေဖြင့်လည်း ဝမ်းမြောက်ပီတိ သာဓု အနုမောဒနာ ခေါ်ဆိုလျက်ရှိပါကြောင်း ဦးစွာပဏာမ လျှောက်ထားအပ်ကြောင်း။
သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားအောင် ဆောင်ရွက်ကြရာ၌ ပရိယတ္တိ သာသနာတော်သည် အခြေခံအရင်းမူလ အကျဆုံးဖြစ်သည်ကို သိရှိတော်မူကြ၍လည်းကောင်း၊ ထိုပရိယတ္တိ သာသနာတော်တွင်လည်း ဝိနည်းသာသနာတော်သည် သာလွန်၍ အခြေခံအရင်း မူလကျသည်ကို ဆင်ခြင်သိမြင်တော်မူ၍ လည်းကောင်း၊ တိပိဋကကောဝိဒ လောင်းလျာ စာဖြေပွဲဝင် အရှင်မြတ်များသည် အရည်အချင်း ပြည့်ဝသည့် သုတဗုဒ္ဓများ စင်စစ်ဖြစ်စေရမည် ဟူသော မြော်မြင်ချက်ကြီးစွာဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ)စာမေးပွဲကြီး၌ ဝိနယပိဋကကို ဦးစွာပထမ ဖြေဆိုရသည့် ကျမ်းစာအဖြစ် သတ်မှတ် ပြဋ္ဌာန်းထားသည်ကို ကောင်းစွာသိရှိကြပြီး ဖြစ်ပါကြောင်း။
ဝိနယပိဋကသည် ရဟန်းတော်များအတွက် ကိုယ်နှင့်နှုတ်ကို ယဉ်ကျေးအောင် ညွှန်ပြသော တရားဖြစ်ပါကြောင်း၊ ဝိနည်းပညတ်တော်အတိုင်း ပြောဆိုနေထိုင်သော ရဟန်းသံဃာတော်အား သာသနာတော်ကို ကြည်ညိုပြီးသောသူများက ပို၍ လေးစားကြည်ညိုကြပါကြောင်း၊ ရဟန်း သာမဏေဟူသော အဖြစ်သည်ပင် ဝိနည်းဒေသနာတော် စည်းကမ်းအတိုင်း စီစဉ်ပြုလုပ်မှ အစစ်အမှန် ဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် “ဝိနည်းသည် သာသနာတော်၏အသက်”ဟု ရှေးဆရာတော် အရှင်မြတ်တို့ အသိအမှတ်ပြုခဲ့ကြပါကြောင်း၊ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ ချမ်းသာရကြောင်း အဆုံးအမကောင်းဖြစ်သည့် သာသနာတော်မြတ်ကြီးကို အားထားတော်မူခဲ့သည့် မြတ်စွာဘုရားသည် သာသနာတော် မြတ်ကြီး၏ ဆုတ်ယုတ်ကွယ်ပျောက်ကြောင်း တရားများနှင့် သန့်ရှင်းတည်တံ့ကြောင်း တရားများကို ထိုထို ဒေသနာအားလျော်စွာ အများအပြား ဟောကြားတော်မူခဲ့ရာဝယ် အင်္ဂုတ္တုရ်ပါဠိတော်၊ ဧကနိပါတ အဓမ္မဝဂ်တွင် "ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ အဓမ္မောတိ ဒီပေန္တိ" အစရှိသည်ဖြင့် ဟောကြားတော်မူခဲ့ရာ အဓမ္မကို အဓမ္မဟုပြသော ရဟန်း၊ ဓမ္မကို ဓမ္မဟုပြသောရဟန်း၊ ဝိနည်းမဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြသောရဟန်း၊ ဝိနည်းကို ဝိနည်းဟု ပြသောရဟန်း တို့သည် လူနတ်တို့၏ အကျိုးစီးပွား ချမ်းသာများရန် ကျင့်ကြံကြကုန်သည်ဖြစ်၍ ဤ သာသနာတော်ကိုလည်း အကြာအရှည် တည်စေသည် မည်ကုန်၏ဟု ပါရှိပါကြောင်း၊ ဤသို့သော တရားတော်အရ အဓမ္မကို အဓမ္မ၊ ဓမ္မကို ဓမ္မ၊ အဝိနယကို အဝိနယ၊ ဝိနယကို ဝိနယ ဟု အမှန်အတိုင်း ဟောပြောပို့ချ သင်ပြနိုင်ဖို့ရန်မှာ သုံးဖြာသော ပိဋကတ်ကို သင်ယူကျက်မှတ် တတ်သိနားလည်မှုရှိမှသာ ဖြစ်နိုင်ပါကြောင်း၊ ယခုအရှင်မြတ်တို့ ဖြေဆိုကြမည့် ဝိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋကဟူသော သုံးဖြာသော ပိဋကတ် ကျမ်းစာအရပ်ရပ်တို့သည် အရှင်မြတ်တို့၏ မှန်ကန်သော ကျင့်ကြံနိုင်မှုနှင့် တပည့်ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့ကိုလည်း မှန်ကန်စွာ ဟောပြောပို့ချ သင်ပြနိုင်မှု၏ ပဓာနအကြောင်း ကောင်းမြတ်သည့် အခြေခံဖြစ်ပါကြောင်း၊ ထို့ပြင်တစ်ရပ် “သာသနဋ္ဌိတိယာ ပန ပရိယတ္တိ ပမာဏံ" သာသနာတည်ဖို့ရန်မှာ ပရိယတ္တိသည် ပဓာနဖြစ်ကြောင်း၊ အရှင်မြတ်တို့ သင်ယူကျက်မှတ် လေ့လာအပ်သော ပရိယတ္တိသည် လူနတ်တို့၏ အကျိုးစီးပွား ချမ်းသာများရန်ဖြစ်သည့်အပြင် သာသနာတော် အရှည်ခံ့၍ တည်တံ့ခြင်း၏ ပဓာနအကြောင်းဖြစ်သောကြောင့် “ငါတို့သည် လူနတ်တို့၏ အကျိုးစီးပွားများ ကြောင်း သာသနာတော် တည်တံ့ကြောင်းအမှုကို ပြုမိလေပြီ” ဟု ဉာဏ်ဖြင့်ရှုကာ အခါခါရွှင်လန်း ဝမ်းမြောက်ကြရပါကြောင်း။
အရှင်မြတ်တို့ဖက်မှ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ငါးဖြာသောအား ကိုယ်၌ထားလျက် ဘုရားဟောလတ် ပိဋကတ်ကို ကျက်မှတ်ပြန်ဆိုရေးဖြေတော်မူကြသကဲ့သို့ နိုင်ငံတော်အစိုးရဖက်ကလည်း တိပိဋကဓရ တိပိဋ ကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီး ကျင်းပခြင်း၏ ရည်ရွယ်ချက်သုံးမျိုးတွင် “ပရိယတ္တိသာသနာတော်ကြီးကို အားပေးချီးမြှောက်ရာ၌ အထက်တန်းအကျဆုံး ချီးမြှောက်ရန်” ဟူသောရည်ရွယ်ချက် ရှိသည့်အားလျော်စွာ ပစ္စယာနုဂ္ဂဟအဝဝဖြင့် ချီးမြှင့်ကော်ရော် ပူဇော်လျက် ရှိနေသည်ကိုလည်း အရှင်မြတ်တို့ အသိပင်ဖြစ်ပါကြောင်း၊ မြတ်စွာဘုရားရှင်ကလည်း သာသနာတော်ကြီးကို ရဟန်းတော်များက ဓမ္မာနုဂ္ဂဟတရားဖြင့် ချီးမြှောက်ကြရန်၊ ဒါယကာ ဒါယိကာမများက အာမိ သာနုဂ္ဂဟ ပစ္စည်းဖြင့် ချီးမြှောက်ကြရန် တာဝန်ပေးဝေတော်မူခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ သံဃာတော် အရှင်မြတ်များအား ပစ္စည်းလေးပါးတို့ဖြင့် မပင်မပန်း ချမ်းချမ်းသာသာ သာသနာပြုနိုင်ရန် အရေးသည် ငါတို့တာဝန် ဖြစ်သည်ဟု နှလုံးသွင်းကာ သားစဉ်မြေးဆက် မပျက်မကွက်ဘဲ ဆက်လက်ထောက်ပံ့ သွားကြရန်မှာလည်း လူဒါယကာ ဒါယိကာမများ၏ တာဝန်ဖြစ်ပါကြောင်း၊ မြတ်စွာဘုရားရှင်သည် "သာဂါရာ အနဂါရာ စ၊ ဥဘော အညော ညနိဿိတာ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမံ အနုတ္တရံ (ဣတိဝုတ္တက၊ ၂၇၀)" ဟူ၍ ဆရာ ဒကာ ညီညွတ်ကြပါက လူဒါယကာ ဒါယိကာမများနှင့် ရဟန်းတော်များ အချင်းချင်း အမှီပြု၍ သဒ္ဓမ္မသုံးဖြာ သာသနာတော်ကို အောင်မြင်စွာ ပြီးမြောက်စေနိုင်ကြောင်းကို ဟောတော်မူခဲ့ပါကြောင်း၊ မြတ်စွာဘုရားရှင် ဟောတော်မူအပ်သော ယင်းဂါထာတော်ကိုပင်သာဂါရာ "အနဂါရာ စ၊ ဥဘော အညောညနိဿိတာ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမံ အနုတ္တရံ" ဟု အာသီသ ပတ္တနာပြု၍ နိဂုံးချုပ်အပ်ပါကြောင်း "သာရဏီယဩဝါဒကထာ" မိန့်ကြားတော်မူသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၊ အကျိုးတော်ဆောင် မင်းကျောင်းပထမပြန်စာသင်တိုက်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုတို့က လှူဒါန်းသည့် နေ့ဆွမ်းကို တိပိဋကဓရ တိပိဋကောဝိဒ သြဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများနှင့် (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖြေဆိုတော်မူကြသော စာဖြေသံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယ ဆရာတော်ကြီးများကို သင်္ကန်းစသော လှူဖွယ်ခြင်းနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည့် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ (၇၄) ကြိမ်မြောက် တိပိဋက ဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖြေဆိုတော်မူကြသော အဘိဓမ္မာ (ရှေ့ပိုင်း) စာဖြေသံဃာ (၆) ပါး၊ အဘိဓမ္မာ (နောက်ပိုင်း) စာဖြေသံဃာ (၆) ပါး၊ ဒီဃနိကာယ် စာဖြေသံဃာ (၂၇) ပါးနှင့် ဝိနည်း (ရှေ့ပိုင်း) စာဖြေသံဃာ (၈၇) ပါး စုစုပေါင်း စာဖြေသံဃာတော် (၁၂၆)ပါးတို့အား ဖူးမြော်ကြည်ညိုသည်။
အဆိုပါ (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲကြီးကို ဇန်နဝါရီ ၅ ရက်မှ ၉ ရက်အထိ ၅ ရက်တိုင်တိုင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာဖြေသံဃာ (၁၉၂) ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်