နေပြည်တော်  ၂၄   အောက်တိုဘာ

(၇၄) နှစ်မြောက် ကုလသမဂ္ဂနေ့ အထိမ်းအမှတ် ဧည့်ခံပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ MGallery ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း တက်ရောက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတမှ (၇၄)နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး၏ ကိုယ်စားလှယ်နှင့် ညွှန်ကြားရေးမှူး Mr. Andrew Kirkwood က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။

ယင်းနောက် ကုလသမဂ္ဂအဖွဲ့အစည်းကြီး ဖွဲ့စည်းဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ အကြား ပူးပေါင်းဆောင်ရွက်မှုများအား ဗွီဒီယိုမှတ်တမ်းဖြင့် ပြသသည်။

ဧည့်ခံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး/သံရုံးအကြီးအကဲများ၊ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

 

KZH_4619.JPG