ရန်ကုန် ဒီဇင်ဘာ ၂၈
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးဌာနက ကြီးမှူး ကျင်းပသည့် တိုင်းအဆင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း လသာ၊ မြညီလာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းပညာရေးမှူး ဒေါ်နှင်းကြည်နှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဒေါ်မာလာရီနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တိုင်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေသီဆိုကြပြီး တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်အဆင့် ဆုရရှိသူများကို တိုင်းဒေသကြီး ဝန်ကြီးများနှင့် တိုင်းဒေသကြီး ဥပဒေချုပ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြပြီး မြန်မာ့ကျောင်းသီချင်းနှင့် ဇာတိမာန်သီချင်း သီဆိုပေးကြသော ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများကို တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက ဂုဏ်ပြုဆုငွေကျပ် ငါးသိန်းကို ပေးအပ်ရာ ပါဝင်သီဆိုသူ ကျောင်းသား၊ကျောင်းသူများက လက်ခံရယူကြသည်။
အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တိုင်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်ဥပဒေချုပ်၊ တိုင်းပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသည်။
အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်သူ ၂၀၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၀၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ ၂၀၊ အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၂၀၊ မူလတန်းအဆင့် ပန်းချီ ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၂၀ စုစုပေါင်း ၁၀၀ ပါဝင်ယှဉ်ပြိုင် ကြကြောင်း သိရသည်။
အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် အသီးသီးတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများရရှိသည့် ကျောင်းသားကျောင်းသူများအား တိုင်းဒေသကြီးအဆင့် ဆုပေးပွဲကို ဒီဇင်ဘာ ၃၁ ရက်တွင် အထက(၄)အလုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)


