မြိတ် ၄ မေ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံ သွေးလှူဘဏ်တွင် မီးသတ်တပ်ဖွဲ့ဝင်များက မေ ၄ ရက် နံနက် ၁၀ နာရီက (၇၄)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
“(၇၄)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လာရောက်သွေးလှူဒါန်းတာ ဖြစ်ပါတယ်။ Covid-19 ကပ်ရောဂါကာလမှာ မီးသတ်တပ်ဖွဲ့အနေနဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ၊ တားဆီးရေးလုပ်ငန်းတွေနဲ့ လုံခြုံရေးပါအပါအဝင် ကျန်းမာရေးနှင့် ပတ်သက်လို့ ဆောင်ရွက်နေရင်း ဆေးရုံမှာ တက်ရောက်ဆေးကုသနေကြတဲ့ လူနာများရဲ့ သွေးလိုအပ်ချက်တွေကို ကူညီနိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လာရောက်သွေးလှူဒါန်းခြင်း ဖြစ်ပါတယ်” ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းက ပြောသည်။
စုပေါင်းသွေးလှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် တပ်ဖွဲ့ဝင် စုစုပေါင်း(၂၅)ဦး သွေးလှူဒါန်းနေမှုကို ခရိုင်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းကြသည့် တပ်ဖွဲ့ဝင်များကို ပြည်သူ့ဆေးရုံမှ သွေးအားတိုးဆေး ပေးအပ်၍ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းက ကြက်ဉနှင့် အချိုရည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


