ပေါင် မေ

 

(၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် ဥက္ကံကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁၂၀၀၀ ကျော်ခန့် လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်တွေက နှစ်စဉ်ရေရှားပါးတဲ့ ရပ်ကွက်ကျေးရွာတွေကို ရေလှူဒါန်းမှုတွေ လုပ်နေပါတယ်၊ ဒီနေ့က မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ပေါင်မြို့နယ် ဥက္ကံကျေးရွာကို ရေကား ၁၁ စီးနဲ့ ရေဂါလန် ၁၂၀၀၀ ကျော်ခန့်ကို လာလှူရခြင်း ဖြစ်ပါတယ်ဟု မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲမင်းက ပြောသည်။

 

ဥက္ကံကျေးရွာမှာ နတ်တော်လလောက်ကစပြီး သောက်သုံးရေတွေ ရှားပါးနေပြီးတော့ လာရောက်လှူဒါန်းပေးတဲ့ သောက်သုံးရေတွေကိုလည်း စနစ်တကျနဲ့ ပြန်လည်ခွဲဝေပေးနေတယ်လို့ ပေါင်မြို့နယ် ဥက္ကံကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်စိုးက ပြောသည်။

 

နတ်တော်လလောက်ကတည်းက မြေသားရေကန်တွေ စပြီးခန်းခြောက်လာတယ်ပေါ့နော်၊ ရေရှားတဲ့အခက်အခဲက သုံးနှစ်လောက်တော့ ရှိနေပါပြီ၊ ဒါပေမယ့် ဒီနှစ်က ပိုဆိုးတယ်၊ ဒီကန်တွေက ရေတွေမခန်းသော်ငြားလည်း သုံးလို့မရတော့ဘူး၊ ကျွန်တော်တစ်ရွာတည်း မဟုတ်ပါဘူး၊ ကျွန်တော်ရွာပတ်ဝန်းကျင်က တောင်သူတွေ တဲနေတောင်သူတွေ မိသားစုအလိုက် လာနေကြတယ်၊ လာနေတဲ့အခါကျတော့ သောက်သုံးရေအတွက် သူတို့မှာလည်း မြေသားကန်ပဲဆိုတော့ ကျွန်တော်တို့နဲ့အတူတူ ခန်းခြောက်ကြတယ်၊ သုံးဖို့မရှိဘူး၊ အဲဒီအတွက် ဒီရွာကနေ စုဆောင်းရရှိတဲ့ ရေတွေကို စနစ်တကျနဲ့ ခွဲဝေပြီးတော့ ကျင့်သုံးကိုင်တွယ်နေကြပါတယ်ဟု ၎င်းက ဆိုသည်။

 

ဥက္ကံကျေးရွာကဆိုလို့ရှိရင် ပေါင်မြို့နယ် နတ်ကြီးချောင်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းမမှတစ်ဆင့် ဥက္ကံကျေးရွာရောက်ဖို့ မိုင်ကျော်သွားရပြီး တစ်ရွာတည်း သီးသန့်တည်ရှိနေသော ကျေးရွာတစ်ခုလည်း ဖြစ်ပါတယ်။

 

ပေါင်မြို့နယ်အတွင်းမှာ နွေရာသီ သောက်သုံးရေရှားပါးမှု မဖြစ်ရလေအောင် နိုင်ငံတော် အစိုးရဘက်ဂျက်နဲ့ မြေသားရေကန်တွေ တူးဖော်ခြင်း၊ စိမ့်စမ်းရေသွယ်တန်းခြင်း၊ အဝီစိတွင်းရေ တူးဖော်ပေးထားလျက်ရှိပြီး ယခုရေရှားပါးတဲ့ ရာသီတွေမှာလည်း ဌာနဆိုင်ရာတွေ၊ လူမှုကူညီရေး အသင်းတွေနဲ့ စေတနာအလှူရှင်အဖွဲ့တွေက နေ့စဉ်အဆက်မပြတ် လှူဒါန်းပေးလျက်ရှိနေကြောင်း သိရသည်။

 

ကိုဟိန်း(ပေါင်)