နေပြည်တော်၊ ၇ ဇန်နဝါရီ
(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ၂၀၂၁ ခုနှစ် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားသည်။
ယင်းနောက် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက လုံခြုံရေး၊ သဝဏ်လွှာပြုစုရေး၊ ဘဏ္ဍာရေး၊ ဖိတ်ကြားရေးနှင့် နေရာချထားရေး၊ အလံတင်အခမ်းအနား စီစဉ်ကျင်းပရေး၊ မြေစိုက်ပိုစတာများ စိုက်ထူရေး၊ ကျန်းမာရေး၊ စာရင်းစစ်ဆေးရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် ပြန်ကြားရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးတို့မှ မိမိတို့ဆပ်ကော်မတီအလိုက် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများကို လိုအပ်ချက်မရှိအောင် စနစ်တကျ စီမံကြီးကြပ်ဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


