နေပြည်တော် ဇန်နဝါရီ ၇
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားများနှင့် ပန်းခင်း စီမံချက်တွင် အောင်မြင်စွာပါဝင်ဆောင် ရွက်ခဲ့ကြသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၏ နှစ်သစ်ကူးမိတ်ဆုံစားပွဲကို ဇန်နဝါရီ ၆ ရက်၊ ညပိုင်းက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ စုံညီဧည့်ခန်းမ၌ကျင်းပသည်။
မိတ်ဆုံစားပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားကဏ္ဍအသီးသီးတွင် တာဝန်ကျေပွန်စွာဆောင်ရွက် ခဲ့ကြသည့် ဝန်ထမ်းများအားလုံးကို ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ကြောင်း၊ ပန်းခင်းစီမံချက် အောင်မြင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့မှုကို လည်းအသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ ယခုနှစ်တွင် နိုင်ငံတော်မှချီးမြှင့်သည့် ဘွဲ့ထူးဂုဏ်ထူး တံဆိပ်ရရှိသူ(၃၁၉)ဦးကိုလည်း မှတ်တမ်းတင်ပါကြောင်း၊ ယခုနှစ်သစ်ကူးကာလမှစ၍ ပေးအပ်သည့် တာဝန်များကို ဆထက်ထမ်းပိုး ကျေပွန်စွာထမ်းဆောင် ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ဂုဏ်ပြုယာဉ်တည်ဆောက်ရေးတာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး က ပြည်ထောင်စုဝန်ကြီးထံ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးဌာန ကိုယ်စားပြုဂုဏ်ပြု ယာဉ်အထူးဆုပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်ထံ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနကိုယ်စားပြုပြခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြ သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကိုလည်းကောင်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းထံ ဂုဏ်ပြု အခမ်းအနားတွင်ဝန်ကြီး ဌာနကိုယ်စားပြုစစ်ရေးပြတပ်ခွဲတွင် ပါဝင်ချီတက်ခဲ့ကြသည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကိုလည်းကောင်းပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများ၊ မိသားစုများနှင့်အတူ နှစ်သစ်ကူးမိတ်ဆုံ ညစာသုံးဆောင်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နှစ်သစ်ကူး မိတ်ဆုံ စားပွဲတွင် သီဆိုဖျော်ဖြေ ပေးကြသည့် New Age အဖွဲ့ အား ချီးမြှင့်ငွေနှင့် အမှတ်တရလက်ဆောင်ပန်းခြင်း ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ မိတ်ဆုံစားပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်၊ ၎င်းတို့၏ဇနီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)