နေပြည်တော် ဒီဇင်ဘာ ၂၇                                                                                     

 

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ ဖျော်ဖြေရေး ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅) ရှိ ယဉ်ကျေးမှုရတနာ ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ညစာစားပွဲ အပြီးတွင် တင်ဆက်ကပြမည့် ပြည်ထောင်စု တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေသည့် ပွဲအစီအစဉ်ကို တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားပေါင်းစုံ ပါဝင်သောကြောင့် ပြည်ထောင်စုကပွဲကြီးအဖြစ် စုစည်းညီညွတ်မှု အနှစ်သာရကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဖျော်ဖြေရေးသာမက ပြည်ထောင်စုစိတ်ဓာတ်ကို ကြည့်ရှုသူများ၏ ရင်ထဲသို့ အရောက်ပို့ဆောင်ပေးနိုင်သည်အထိ ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။

 

တိုင်းရင်းသားများ ကပြနေချိန်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ထင်ရှားသည့် Landmark များ၊ တည်ဆောက်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုများ၊ ယဉ်ကျေးမှု စရိုက်လက္ခဏာများကို LED ဖန်သားတွင် ပုံရိပ်ထင်ဟပ် ပေးမည်ဖြစ်ပါကြောင်း၊ တဒင်္ဂအတွင်း၌ ပြည်နယ်များ၏ အကနှင့် အလှကို တွေ့မြင်ခံစားစေရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အထောက်အကူပြု ရုပ်ပုံများကို အထူးဂရုပြု ရွေးချယ်ပို့ပေးစေလိုပါကြောင်း၊ တိုင်းရင်းသားဖျော်ဖြေရေးအဖွဲ့များ ရောက်ရှိလာသည့်အခါတွင် တည်းခိုနေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး၊ သွားလာရေး၊ လေ့လာရေး၊ လေ့ကျင့်ရေး အစရှိသည်တို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အခြားဆက်စပ် ဝန်ကြီးဌာနများဖြင့် ညှိနှိုင်းဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်းပြောကြားသည်။

 

ဆက်လက်၍ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ညစာစားပွဲဖျော်ဖြေရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးထွန်းအုံက ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ဖျော်ဖြေရေး အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးများက ဖျော်ဖြေရေး အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ လုံခြုံရေး ဆပ်ကော်မတီ၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေး ဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့နှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်