နေပြည်တော် ဇန်နဝါရီ ၄

 

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ကို ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ဉက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဉက္ကဋ္ဌအားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမင်းသိမ်းဇံ၊ နေပြည်တော် ကောင်စီဉက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကော်မတီအတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဉီးရဲတင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဉီးမောင်မောင်ဝင်း၊ဉီးထွန်းအုံ၊ ဉီးအောင် ကျော်ထွန်း၊ ဉီးဇော်ဝင်း၊ ဒေါက်တာ အေးထွန်း၊ ဉီးမင်းထိန်၊ ဉီးဇော်အေးမောင်၊ နေပြည်တော် ကောင်စီဝင် ဉီးမြင့်စိုး၊ ကာကွယ်ရေးဉီးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီ ဉက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို နေပြည်တော်၌ ဗိုလ်ရှုခံရင်ပြင်တွင် ကျင်းပမည် ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း သမ္မတကြီး စဝ်ရွှေသိုက်၊ သမ္မတကြီး ဒေါက်တာဘဉီး နှင့် သမ္မတကြီး မန်းဝင်းမောင်တို့ တာဝန်ထမ်းဆောင်ခဲ့ကြသည့် သက်တမ်း ကာလအတွင်း ဗိုလ်ရှုခံအခမ်းအနားများကို ကျင်းပခဲ့ကြပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက် တွင် ကျရောက်သည့် (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဗိုလ်ရှုခံ အခမ်းအနားကို တစ်ဖန်ပြန်လည် ကျင်းပနိုင်ခဲ့ပါကြောင်း၊ ဗိုလ်ရှုခံအခမ်းအနားများကို ကျင်းပသည့် ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဂုဏ်ယူအလေးအနက်ထားသောအားဖြင့် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းပေါင်းစုံက နိုင်ငံတော်သမ္မတကြီးများအား ချီတက် အလေးပြုခဲ့ကြခြင်းဖြစ်ပါကြောင်း။

 

ယခုနှစ် ကျင်းပမည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ရှုခံရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ တစ်ဖန်ပြန်လည်ကျင်းပမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ရှိ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးပြည်နယ်များမှ ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များကိုလည်း ပါဝင်ဆောင်ရွက်ရမည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က Virtual စနစ်ဖြင့် အစည်းအဝေး ခေါ်ယူ ရှင်းလင်း ပြောကြားပြီး ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီ ဒုတိယဉက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိမ်းဇံနှင့် နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဦးမောင်မောင်နိုင်တို့က အမှာစကား ပြောကြားကြသည်။

 

ဆက်လက်၍ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီ ဉက္ကဋ္ဌ က ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ဗိုလ်ရှုခံအခမ်းအနား မှတ်တမ်းဓာတ်ပုံ Powerpoint ကို ပြန်လည်ပြသကာ ယခုနှစ်တွင် ကျင်းပမည့် အခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်ရမည့် ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်က အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီ ဖွဲ့စည်းထားရှိမှု၊ ဆပ်ကော်မတီဖွဲ့စည်းရန် လျာထားမှုနှင့် လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်းပြီးကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

 

 ဆွေးနွေးတင်ပြချက်များအပေါ် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဉက္ကဋ္ဌ တို့က ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့သည်။

 

သတင်းစဉ်