မြစ်ကြီးနား ဇွန် ၂၅
(၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ကို ထူးခြားစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၄ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ယခင်နှစ် အားနည်းချက်/အားသာချက်များအပေါ် သုံးသပ်ဆင်ခြင် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ကော်မတီ အဖွဲ့ဝင်များ ပြင်ဆင်ဖြည့်စွက် ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မနောအကနှင့် ဌာနဆိုင်ရာပြခန်းများ၊ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေး၊ အထိမ်းအမှတ် မဂ္ဂဇင်း၊ ပြက္ခဒိန်နှင့် မှတ်စုစာအုပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် အဆိုပါခန်းမ၌ ပြုလုပ်သည့် ကချင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်း ကော်မတီ၏ (၃/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက် အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ကော်မတီ အတွင်းရေးမှူး ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးခိုင်ဦးတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ဆောင်ရွက်ပေးရန် ကိစ္စရပ်များ၊ ပူတာအိုခရိုင်၊ ရေခဲတောင်ခရီးစဉ်၊ မြစ်ဆုံခရီးစဉ် စသည့် သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ပြည်နယ်ကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ခွင့်ပြုဆောင်ရွက်ပေးရ မည့် ကိစ္စရပ်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့အတွက် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြုနိုင်ရေး လှူဒါန်းပေးပို့လာသည့် အရေးပေါ် လူနာတင်ယာဉ် တစ်စီး၊ ကာကွယ်ဆေး အပါအဝင် ဆေးပစ္စည်းများ ရွှေ့ပြောင်းသယ်ယူနိုင်သည့် အအေးခန်းထရပ်ကား (Refrigerated-Truck) လေးစီး၊ ရောဂါစစ်ဆေး ရှာဖွေရေးယာဉ် (Inspection Vehicle) လေးစီး စုစုပေါင်း မော်တော်ယာဉ် ကိုးစီး ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒချုပ်၊ ဌာနဆိုင်ရာများ၊ ကချင်ပြည်နယ် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် မလိခခန်းမ၌ တွေ့ဆုံပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များကို ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
(ပြည်နယ် ပြန်/ဆက်)