မြိတ် ဇန်နဝါရီ ၃၀
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ကျပန်းစကားပြော၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို မြိတ်တက္ကသိုလ်တွင် ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကျင်းပရာ မြိတ်တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ ယှဉ်ပြိုင်ခဲ့ကြသည်။
စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို “လက်တွဲညီညီ ရှေ့သို့ချီ သာတူညီမျှခံစားရမည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲကို “တို့ညီနောင်ထု တည်ထောင်ပြု ပြည်ထောင်စုနေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲကို “လက်တွဲညီညီရှေ့သို့ချီ ပြည်ထောင်စုဆီ တက်လှမ်းမည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို “သွေးစည်းချစ်ကြည် လက်တွဲညီ တို့ပြည်ထောင်စု ဖော်ဆောင်မည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲကို “လူမှုစီးပွားဖွံ့ဖြိုးမှ ပြည်ထောင်စုကြီးသာယာမည်” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပခဲ့ကြသည်။
ပြိုင်ပွဲများကို ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ကျပန်းစကားပြောပြိုင်ပွဲတွင် မြိတ်တက္ကသိုလ် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား/ကျောင်းသူများက စတင်ယှဉ်ပြိုင်ခဲ့ကြရာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ဇန်နဝါရီ ၂၉) ရက်တွင် ကျင်းပခဲ့ပြီး ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲကို ဇန်နဝါရီ ၃၀ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများအား မြိတ်တက္ကသိုလ်တွင် ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


