နေပြည်တော် နိုဝင်ဘာ ၄
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသည် ထူးခြားလေးနက်သည့်အခမ်းအနား ဖြစ်သည်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ရာ ကျန်းမာရေးလုပ်ငန်းကော်မတီ အနေဖြင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များအားလုံး ကိုယ်စိတ်ကျန်းမာစွာဖြင့် တက်ရောက်နိုင်စေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လစ်ဟင်းမှုမရှိစေရေး ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပရေး ကျန်းမာရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ကျင်းပရာ ကျန်းမာရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့(၃)ဖွဲ့ကို လုပ်ငန်းပေါ်မူတည်၍ ဖွဲ့စည်း ထားပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားဆဲဖြစ်သဖြင့် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသရေးလုပ်ငန်းများကိုလည်း ထည့်သွင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပုံမှန်ကျင်းပ သည့်အခမ်းအနားများအပြင် ပြခန်းများ၊ ပဒေသာကပွဲများ၊ အားကစားပြိုင်ပွဲများ၊ ဂုဏ်ပြု အခမ်းအနား စသည်ဖြင့် အခမ်းအနားများ ပါဝင်မည်ဖြစ်ပါကြောင်း၊ အခမ်းအနားတစ်ခုချင်းစီ၏ ဆောင်ရွက်မည့် သဘောသဘာဝအလိုက် ကျန်းမာရေးစောင့်ရှောက်မှုများကို လိုက်လျောညီထွေ ဖြစ်စွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဂုဏ်ပြုအခမ်းအနားအတွက် ဂုဏ်ပြုယာဉ်များ တပ်ဆင်မှုကို ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ဆောင်ရွက်နေကြပြီဖြစ်ရာ ပါဝင်ဆောင် ရွက်နေသူများအတွက် ဆေးကုသရေးအပြင် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်စွာ ပြုမူနေထိုင်နိုင်ရေးအသိပညာပေး အစီအစဉ်များ၊ ပွဲလမ်းသဘင် များ၌ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် လုံလောက်သောရေ၊ သန့်ရှင်းသော ရေရှိရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး အတွက် လိုအပ်သည့် အမှိုက်ပုံးများ၊ အမှိုက်စွန့်ပစ်ရန်နေရာများ စီစဉ်ဆောင်ရွက်ရေး၊ အိမ်သာသန့်ရှင်းမှု၊ လုံလောက်စွာထားရှိမှုတို့ကအစ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကြည့်ရှုစီစဉ်ပေးရန် လိုအပ်ပါကြောင်း။
အခမ်းအနားများသို့ တိုင်းဒေသကြီး/ပြည်နယ်များမှ ကိုယ်စားလှယ်များ တက်ရောက် လာမည်ဖြစ်ရာ လာရောက်ကြမည့်သူများအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အကြံပြုချက်များ ကြိုတင်စီစဉ်ပေးဖို့ လိုပါကြောင်း၊ ကျင်းပမည့် လုပ်ငန်းအလိုက် အလုံပိတ်အခန်းတွင်း ဆောင်ရွက်မည့် အခမ်းအနားများ၊ ပြင်ပ (Open Air) ၌ ဆောင်ရွက်မည့် လုပ်ငန်းများ တစ်ခုချင်းအလိုက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းများ သတ်မှတ်ပေးရန် လိုအပ်ပါကြောင်း၊ တက်ရောက်မည့်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားရန်၊ နေပြည်တော်သို့ လာရောက်မည့်သူများကို ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရန် စသည်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းများ အသေးစိတ်ရေးဆွဲ တင်ပြပေးရန် ဖြစ်ပါကြောင်း၊ ကုသရေးအပိုင်း၌ အခမ်းအနားတစ်ခုချင်းစီတွင် ဆေးအဖွဲ့များ လုံလောက်စွာ တာဝန်ချထားရန် လိုအပ်ပြီး လိုအပ်ပါက ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပဒေသာ ကပွဲ၊ ပြပွဲ၊ ဂုဏ်ပြုယာဉ် ပြင်ဆင်မှုများအတွက် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာနနှင့်လည်းကောင်း၊ အားကစားပြိုင်ပွဲများအတွက် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဆေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က လူအင်အား များသဖြင့် ဆေးအဖွဲ့များ အင်အားပြည့် တာဝန်ချထားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြရန်၊ ကာကွယ်ရေးသုံး နှာခေါင်းစည်း(Masks)၊ Hand Gel များ ကြိုတင်ဖြည့်ဆည်းဆောင်ရွက် ထားရန် အရည်အသွေးကောင်းမွန်သည့်ပစ္စည်းများ ဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေးရန် မှာကြားသည်။
ဆက်လက်၍ ကျန်းမာရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ကျန်းမာရေးဆပ်ကော်မတီ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ထားရှိမှုလုပ်ငန်းများကို ရှင်းလင်းတင်ပြ၍ လုပ်ငန်းအဖွဲ့အလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များ ဖြည့်ဆည်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်