နေပြည်တော် အောက်တိုဘာ ၂၆

 

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊  ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး  ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇင်မင်းထက်၊ ဦးအောင်ကျော်ထွန်း၊ ဦးဇော်ဝင်း၊  ဒေါက်တာ အေးထွန်း၊ ဦးမျိုးလှိုင်၊ ဦးဝင်းဖေ၊  ဦးဇော်အေးမောင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက  (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့သည် အရေးကြီးသည့် နေ့တစ်နေ့ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ကျင်းပသည့် အခမ်းအနားများအနက်    အခမ်းနားဆုံး၊ အမြင့်မားဆုံး နိုင်ငံတော်အဆင့် အခမ်းအနားတစ်ခုအဖြစ် ဆောင်ရွက်ရန်   လမ်းညွှန်ထားပါကြောင်း။

 

စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားမကျင်းပမီ အခြားသော ဂုဏ်ပြုအစီအစဉ်များကိုလည်း  စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ်များကို ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက အချိန်ယူကာ စီစဉ်ဆောင်ရွက်ကြစေလိုပါ ကြောင်း၊ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပပြီးဖြစ်၍ အတွေ့အကြုံရှိပြီး ဖြစ်ပါကြောင်း၊ ယင်းအတွေ့အကြုံကို အခြေခံ၍ ပိုမိုခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရန် အားနည်းချက်၊  အားသာချက်များ ကို  ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်   လုပ်ငန်းတာဝန်  ၆  ရပ် ချမှတ်ဆောင်ရွက်ထားပြီး ကြိုတင် ပြင်ဆင်ထားရှိမှုများ၊ လက်ရှိ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်လကဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ကဏ္ဍအလိုက် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များတွင် ပေါင်းစပ်ပါဝင်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။

 

ယင်းနောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်က စိန်ရတုလွတ်လပ်ရေးနေ့  ကျင်းပရေးဗဟိုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီများ ဖွဲ့စည်း ထားရှိမှု၊  ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍  တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ၊  ပြခန်းများ ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေအနေများကို  ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက်      အခမ်းအနား သို့  တက်ရောက်လာကြသူများက  စိန်ရတုလွတ်လပ်ရေးနေ့  အခမ်း အနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေး၊  သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ကျောင်းသား ကျောင်းသူများ စာလုံးသရုပ်ဖော်မှု၊ ဂုဏ်ပြုယာဉ်များတွင် ပြင်ဆင်   ဆောင်ရွက်ထားရှိမှု၊ ဗိုလ်ရှုခံရင်ပြင်တွင် အသံပိုင်းဆိုင်ရာ စက်ပစ္စည်း  တပ်ဆင်မှုများနှင့် စပ်လျဉ်း၍   ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန်     ဦးမျိုးမြင့်မောင်က အစည်းအဝေးဆုံးဖြတ်ချက်များကို   ဖတ်ကြားအတည်ပြုသည်။

 

ယင်းနောက်   ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက   နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။ 

သတင်းစဉ်