နေပြည်တော် ဖေဖော်ဝါရီ ၁၁

၂၀၂ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် မြန်မာနိုင်ငံတစ်ဝန်း၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် နေပြည်တော်ရှိ လူစည်ကားရာ လမ်းဆုံများတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ပြည်ထောင်စုအလံတော် သယ်ဆောင်လာမည့် ရာဇသင်္ဂဟ လမ်းတစ်လျှောက်တွင် မြန်မာ နိုင်ငံတော်အလံနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ အထိမ်းအမှတ်ပါအလံများ စိုက်ထူထားခြင်းနှင့် ယင်းလမ်းတစ်လျှောက်ရှိ အဝိုင်းများတွင် လျှပ်စစ်မီးရောင်များ ထွန်းညှိထားမှုများ၊ တိုင်းရင်းသားရုပ်ပုံကားချပ်များဖြင့် အလှဆင်ထားရှိသည်။ အလားတူ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော်ခန်းမ၌ ဆိုင်းဘုတ်များ ဂုဏ်ပြုစိုက်ထူထားခြင်း၊ မဟာဗန္ဓုလပန်းခြံအတွင်း ရောင်စုံအလှမီးများ ထွန်းညှိပြင်ဆင်ထားခြင်း၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ဥယျာဉ်၌ ရောင်စုံအလှမီးများပြင်ဆင်၍ ဂုဏ်ပြုဆိုင်းဘုတ် စိုက်ထူထားခြင်း၊ ဦးဝိစာရအဝိုင်း၊ ဗဟန်းမြို့နယ်ဦးထောင်ဘိုအဝိုင်း နှင့် စမ်းချောင်းမြို့နယ် ဟံသာဝတီအဝိုင်းတို့၌ ရောင်စုံမီးအလှများ ဆင်ယင်ထားခြင်းနှင့် ဆိုင်းဘုတ်များ ဂုဏ်ပြုစိုက်ထူထားခြင်းများဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြသည်။

ထို့အတူ မန္တလေးမြို့ ကျုံး အတွင်း ရေပန်းများဖွင့်လှစ်ခြင်း၊ နန်းမြို့ရိုးတစ်လျှောက်ရှိ တံတိုင်းများ၊ ကျုံးပတ်လမ်းရှိ ရတနာပုံဥယျာဉ်လမ်း တစ်လျှောက်နှင့် မန္တလေးမြို့တော်စည်ပင်သာယာ ရေးရုံးတို့၌လည်း ရောင်စုံမီးများ ထွန်းညှိခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။ ထို့ပြင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသည့်အနေဖြင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

ဓာတ်ပုံ - တင်စိုး