နေပြည်တော်၊ ဖေဖော်ဝါရီ (၄)
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်မှုသင်တန်း ကျောင်းများ၏ ပညာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာနရှိ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများ ညွှန်ကြားရေးမှူးချုပ်များ၊ စက်မှုသင်တန်းကျောင်းများမှ နည်းပြ ဆရာ/ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက် သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုသင်တန်းကျောင်းများတွင် သင်ကြားနေကြ သည့် ဆရာ/ဆရာမများ အတွက် ပညာရေးဒဿနနှင့်ပတ်သက်၍ ဆွေးနွေးရန် လိုအပ်နေသဖြင့် ပညာရေးဒဿနိကဗေဒ၏ အခြေခံအချက်များဖြစ်သည့် အတွေးအခေါ်၊ ပညာရေး၊ ပညာရေးဆိုင်ရာ ဒဿနိကဗေဒ၏ ရည်ရွယ်ချက် များနှင့် နယ်ပယ်၊ အသုံးဝင်မှုများ၊ အဓိကကျသော ပညာရေးဆိုင်ရာ အတွေးအခေါ်များ၊ ဒဿနပညာရှင် များ၏ အရေးပါသည့် ပညာရေးအတွေးအခေါ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး သင်တန်းကျောင်း များတွင် အသုံးချသင့်သည့် ပညာရေးဒဿန များနှင့်ပတ်သက်၍ အသေးစိတ်ထပ်မံ ဆွေးနွေးသည်။
စက်မှုဝန်ကြီးဌာနတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုသင်တန်းကျောင်း (၈)ကျောင်းကို တည်ထောင်ထားရှိ၍ စက်မှုကျွမ်းကျင် လုပ်သားများကို မွေးထုတ်ပေးလျက်ရှိရာ စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်း သင်ကြားရေး နည်း စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သင်တန်း ကျောင်းများနှင့် ကိုက်ညီမည့် ပညာရေးဒဿနများကို ရွေးချယ်အသုံးပြုသွားရမည်ဖြစ်ကြောင်း၊ စက်မှု သင်တန်းကျောင်းများသည် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသောကြောင့် သင်တန်းကျောင်းများရှိ နည်းပြဆရာ/ဆရာမများ၏ အရည်အသွေးတိုးတက် စေရေးအတွက် စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရေး သင်တန်းများဖွင့်လှစ်ခြင်းနှင့် စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


