မန္တလေး၊ ဖေဖော်ဝါရီ ၇

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ (စိန်ရတု) အထိမ်းအမှတ် ရန်ကုန် - ပြည် - မန္တလေးလမ်းပေါ်ရှိ အသစ် တည်ဆောက်ပြီးစီးသည့် ပန်းဆေးချောင်းတံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းကကျင်းပသည်။

ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးတို့က တံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ္ပည်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းကြသည်။

 

mdn

 

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းဆေးချောင်းတံတားအပေါ် ဖြတ်သန်းကြည့်ရှု၍ တက်ရောက်လာသူများအား ရင်းနှီးစွာလိုက်လံနှုတ်ဆက် ကြသည်။

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အဆိုပါပန်းဆေးချောင်း တံတားသစ်အား ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့ (၁)၊ တံတားအထူး အဖွဲ့ (၄) မှ တာဝန်ယူ တည်ဆောက်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် လုပ်ငန်းများစတင်ကာ ၂၀၂၁ ခုနှစ်ဩဂုတ်လတွင် ပြီးစီးခဲ့ကြောင်း၊ သံကူကွန်ကရစ် ကြမ်းခင်းအမျိုးအစား၊ အရှည် (၃၀၀) ပေ၊ အကျယ် (၃၁) ပေ၊ ယာဉ်သွား လမ်းအကျယ် (၂၈) ပေဖြစ်ပြီး ခန့်မှန်းတန်ဖိုးငွေ ကျပ်သန်း (၁၁၅၀)  ရှိသည်။

ယခုအခါ ရန်ကုန်-ပြည်-မန္တလေးလမ်းအား အသုံးပြု၍ အင်းဝမြို့နှင့် ဆက်စပ်သောမြို့များသို့ လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည့်အပြင် ကုန်စည်စီးဆင်းမှု မြန်ဆန်လာမည်ဖြစ်ကြောင်းနှင့် ဒေသများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးအခြေအနေများ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်