နေပြည်တော် ၊ ဒီဇင်ဘာ ၃၀

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၁၂)ရက်တွင် ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် -၁၉ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။

 

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်၊ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဗဟိုကော်မတီမှချမှတ်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်ရန်နှင့် စိန်ရတု ပြည်ထောင်စုနေ့ အမျိုးသား ရေးဦးတည်ချက်(၅)ရပ်နှင့်အညီ ဆောင်ရွက်ကြရန် မှာကြားသည်။

 

ယင်းနောက် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး နေပြည်တော်ကောင်စီအဖွဲ့ဝင်  ဗိုလ်မှူးကြီးမင်းနောင်က စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များ၊ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင် များက ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြ ကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ မြို့တော်ဝန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးတို့က မိမိတို့ဆပ်ကော်မတီအလိုက် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများကို လိုအပ်ချက်မရှိရန် စနစ်တကျ ပေါင်းစပ်ညှိနှိုင်းကာ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)