နေပြည်တော် ဇန်နဝါရီ ၃
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာ ရင်းစစ်ချုပ်ရုံးဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်းရှေ့ရင်ပြင်ကျယ်၌ ကျင်းပသည်။
အားကစားပြိုင်ပွဲ၌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး က အားကစား စိတ်ဓာတ်များ ရှင်သန်နိုးကြားစေရန်၊ အားလုံးကျန်းမာပျော်ရွှင်ကြစေရန် ရည်ရွယ်၍ ယခု အားကစား ပြိုင်ပွဲကိုကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုပြိုင်ပွဲဝင်များအားလုံး အားကစားနည်းအလိုက် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာ၍ စနစ်တကျပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြရန်လိုအပ်ပါကြောင်း၊ အနိုင်အရှုံးသည် အဓိကမကျဘဲ နိုင်သူလည်းပြုံး၊ ရှုံးသူလည်းပျော်နှင့် ချစ်ကြည်ရင်းနှီးမှုပိုစေခြင်း၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် လွတ်လပ်ပေါ့ပါး၍ ပျော်ရွှင်စေခြင်းများ ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ပြိုင်ပွဲတွင် မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ကြက်ဥဇွန်းကိုက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲ၊ မီတာ ၂၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ စသည့်အားကစားနည်းစုံလင်စွာဖြင့် ပွဲစဉ်အလိုက်ကျင်းပရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းမိသားစုများက သောင်းသောင်းဖြဖြ အားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယ စာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက အားကစားပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ဆုများချီးမြှင့်ကြသည်။
အဆိုပါအားကစားပြိုင်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲဝင်များ၊ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ ပျော်ရွှင်စွာတက်ရောက်ပါဝင် ဆင်နွှဲကြသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ် ခန်းမ၌ ကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်း (ပထမပိုင်း) အမှတ်စဉ် (၄၇) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်