(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

မန္တလေး ဇန်နဝါရီ ၂၉

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် နိုင်ငံတော်မှ ကျင်းပပြုလုပ်လျက်ရှိသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့် အခြေခံပညာမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း အင်အား ၃၀၀၀ဝ ခန့် တက်ရောက်ကြသည်။

လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကို လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများ မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေတို့ကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ပေါ်ထွန်းလာရေးအတွက် လူငယ်များကစည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်စေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ဦးစွာ စုံညီပွဲတော်အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ တက္ကသိုလ်/အခြေခံပညာကျောင်းများမှ ထူးချွန်တိုင်းရင်းသား ကျောင်းသား ကျောင်းသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်အသီးသီးမှ အသိပညာ၊ အတတ်ပညာများသင်ယူနေကြသည့် တိုင်းရင်သား၊ တိုင်းရင်းသူ ကျောင်းသား ကျောင်းသူများ၏ ၎င်းတို့ပြည်နယ်နှင့်နိုင်ငံတိုးတက်မှုနှောင့်နှေးရခြင်းသည် ငြိမ်းချမ်းမှုမရှိခြင်းကြောင့်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရရှိပါက ခံစားရမည့်အသီးအပွင့်များအကျိုးကျေးဇူးကို တိုင်းရင်းသားလူမျိုးအလိုက် ဆွေးနွေးပြောကြား၍ ၎င်းတို့၏ တိုင်းရင်းသားရိုးရာအကများဖြင့် အဖွဲ့လိုက်ကပြ ဖျော်ဖြေတင်ဆက်ကြသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တက်ရောက်လာသူများသည် မန္တလာသီရိအားကစားကွင်းအတွင်း အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ၎င်းတို့ဝါသနာပါသည့် တက္ကသိုလ်များသို့ မှန်ကန်စွာရွေးချယ်တက်ရောက်နိုင်စေရန်နှင့် ဗဟုသုတကြွယ်ဝစေရန်အတွက် တက္ကသိုလ်အသီးသီးမှ လာရောက်ဖွင့်လှစ်ထားသည့် ပြခန်းများ၊ မြို့မတေးဂီတမဏ္ဍပ်၊ ဆေးဘက်ဆိုင်ရာ နှီးနွှယ်တက္ကသိုလ်များမဏ္ဍပ်၊ နည်းပညာဆိုင်ရာ နှီးနွှယ်တက္ကသိုလ်များမဏ္ဍပ်၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များမဏ္ဍပ်၊ အခြေခံပညာမဏ္ဍပ်များတွင် တင်ဆက်သည့် အငြိမ့်နှင့်ဖျော်ဖြေပွဲများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ၏ စတုဒိသာမဏ္ဍပ်များသို့ တက်ရောက်လာကြသည့် ပြည်သူများနှင့်အတူ တပျော်တပါးလှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်