နေပြည်တော် ဇန်နဝါရီ ၂

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှုရရှိစေရေး၊ ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ၊ ထုပ်ဆီးတိုး၊ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများတွင် ဆက်လက်ကျင်းပရာ (၇၆)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့် ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် (၃) အကြားတွင် ကျင်းပလျက်ရှိ သည့် လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း၊ ထုပ်ဆီးတိုး (အမျိုးသမီး) ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပလျက်ရှိသည့် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်များကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက်ကျင်းပလျက်ရှိသည့် ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်