နေပြည်တော် ဇန်နဝါရီ ၃
(၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ သာဂလ-သန့်ဇင်လှ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဖွင့်ပွဲနေရာ၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ပြီး ကျေးလက် လမ်းတံတားများ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများကိုလည်း ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ စဉ်ဆက်မပြတ် ကျေးလက်လမ်း ကွန်ယက်များ ဖွံ့ဖြိုးစေရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိ ကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပေးနိုင်မှုကြောင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင် ကျေးရွာ(၃)ရွာမှ အိမ်ခြေ (၁၃၅၆) လူဦးရေ(၄၁၈၀)ဦး တို့ကို တိုက်ရိုက်အကျိုးခံစားမှု ရရှိသည့်အပြင် ကျေးရွာများ၏ စိုက်ပျိုးမြေ ဧက ၃၉၀ ကျော်ကို အကျိုးပြုနိုင်မှာဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက် အကူပြုစေမှာဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ဆောင်ရွက်ပြီး လမ်း၊ တံတားများ ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန်ပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး ၊ နေပြည်တော်ကောင်စီဝင် ၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်တို့က သာဂလ-သန့်ဇင်လှ ကျေးရွာချင်း ဆက်ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းအားကြည့်ရှုစစ်ဆေးသည်။
သာဂလ-သန့်ဇင်လှ ကျေးရွာချင်းဆက်လမ်းသည် လမ်းအရှည် ၆ ဒသမ ၄၆ ဖာလုံ လမ်း အကျယ် ၁၂ ပေရှိကာ ယခင်က ကျောက်လမ်းအဆင့်ဖြစ်ပြီး ယခု ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃၅၈ ဒသမ ၆၇ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်းအလေးချိန် တန် ၂၀ ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဒေသခံတောင် သူများအနေဖြင့် စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်း၍ စီးပွားဖြစ် လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် အားလုံးပူးပေါင်းလုပ်ဆောင် ကြရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များကို လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်