ကျိုက်မရော မတ် ၈

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA )က ကျင်းပသည့် (၇၆)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာ တရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာ စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို မတ် ၅ ရက်က ကျိုက်မရောမြို့ ဇေတဝန်ကျောင်းတိုက်၌ ကျင်းပသည်။

 

ဦးစွာ မော်လမြိုင်မြို့ မြစေတီကျောင်းတိုက် မြဆရာတော်ကြီးထံမှ သြဝါဒစကားနှင့် ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 

ယင်းနောက် ပြည်နယ်ပထမဆု (မြန်မာဘာသာ) အငယ်တန်း၊ မွန်ဘာသာအငယ်တန်း၊ ပြည်နယ်ဒုတိယဆုရ မြန်မာဘာသာ အငယ်တန်း၊ မွန်ဘာသာအငယ်တန်းဆုရသူများအား ဆုချီးမြှင့်ပြီး ပြည်နယ်အဆင့် ဆုရရှိသူ ကျောင်းသား ကျောင်းသူ ၁၀ ဦး တို့အား ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဆုများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ကြသည်။ ထို့နောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာပေများကို ကြိုးစားပြီး သင်ကြားပေးခဲ့သော ဆရာ ဆရာမ ရှစ်ဦး၊ ကျောင်းသား ကျောင်းသူ ၁၅ ဦးတို့အား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်မရော(ပြန်/ဆက်)