နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များ၊ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မလိခပန်းခြံနှင့် ကတ္တရာလမ်းသစ်များ ဖွင့်ပွဲအခမ်းအနားများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ပထမ (၁)နှစ်ပြည့် မတည်ထောက်ပံ့ငွေ အရင်းနှင့်အတိုး ပေးအပ်ပွဲသို့ တက်ရောက်

 

မြစ်ကြီးနား၊ ဇန်နဝါရီ ၈

 

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံ့တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများသည် ယနေ့ နံနက် ၁၀ နာရီတွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိကြရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု(၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာတိုင်းရင်းသားရိုးရာအဖွဲ့များက အကအလှများဖြင့် နွေးထွေးစွာကြိုဆိုနှုတ်ဆက် ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် လေဆိပ်သွားလမ်း ပြည်ထောင်စုလမ်းမဘေး၌ မြစ်ကြီးနားမြို့အား ပန်းမြို့တော်စီမံကိန်းအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် Welcome to Myitkyina (LED) ဆိုင်းဘုတ်နှင့် မေခပန်း ဥယျာဉ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

mdn

 

‌ရှေးဦးစွာ မေခပန်းဥယျာဉ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မေခဥယျာဉ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ ဥယျာဉ်အတွင်း ပြည်သူများ အပန်းဖြေနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

 

mdn

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် လမ်းအရှည် (၁၀၁၃) ပေအား အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့သည့် ဒူဝါဇော်ရစ်လမ်း အဆင့်မြှင့်နိုင်လွန်ကတ္တရာ လမ်းဖွင့်ပွဲသို့ တက်ရောက်၍ ကတ္တရာလမ်းသစ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမူထန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းမှူးဗိုလ်ချုပ် စိုးလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ကတ္တရာလမ်းသစ်ကို ဖြတ်သန်းကြည့်ရှုစစ်ဆေးကြပြီး ရပ်ကွက်နေ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

 

mdn

 

အလားတူ အဆိုပါရပ်ကွက် စက်မှုဇုံအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ပရိယတ္တိစာသင်တိုက်သွားလမ်း အရှည်ပေ(၁၄၀၀) ကတ္တရာလမ်း သစ်ဖွင့်ပွဲသို့ တက်ရောက်ကြကာ ကတ္တရာလမ်းသစ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး လမ်းသစ်အား ဖြတ်သန်းကြည့်ရှု စစ်ဆေးကြသည်။

 

 

 

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ပထမ (၁) နှစ်ပြည့် မတည်ထောက်ပံ့ငွေ အရင်းနှင့်အတိုး ပြန်လည်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ယနေ့ လက်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးကူညီခြင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများကို အထွက်နှုန်းကောင်းပြီး စံချိန်မီ အရည်အသွေးရှိသည့် ဈေးကွက်ဝင်ကုန်ပစ္စည်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အတွင်း ဒေသထွက်ကုန်သီးနှံများအား တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယနေ့ အခမ်းအနားသည် ကချင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း (၁) နှစ်တာကာလ ပြည့်မြောက် ပြီးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စီမံကိန်းရန်ပုံငွေ ပြန်လည်ပေးအပ်နိုင်သော အခမ်းအနား ဖြစ်သည့်အတွက် တာဝန်ကျေပွန်စွာ ပြန်လည်ပေးဆပ်ကြသည့် လုပ်ငန်းလုပ်ကိုင်သူ ပြည်သူများနှင့် ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးသည့် ပြည်နယ်အစိုးရအဖွဲ့နှင့် ကော်မတီအဆင့်ဆင့် ၏ လုပ်‌ဆောင်ချက်ကို အသိအမှတ်ပြုပါကြောင်း၊ စီမံကိန်းလုပ်ငန်းများကို အကျိုးရှိထိရောက် အောင်မြင်စေရန် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းသည် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည့် အလျှောက် စီမံကိန်းလုပ်ငန်းတစ်လျှောက်လုံး စောင့်ကြည့်စစ်ဆေး အကဲဖြတ်ခြင်းကို အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွက် ရန်ပုံငွေခွဲဝေရရှိမှု၊ အတိုးရရှိမှု အခြေအနေများနှင့် စီမံကိန်းဒုတိယနှစ်စက်ဝန်းအတွက် ဆက်လက်ထုတ်ချေးဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်ဌာန (၄) ခုမှ လုပ်ငန်းအလိုက် ထုတ်ချေးဆောင်ရွက်ခဲ့သည့် မတည်ထောက်ပံ့အရင်းနှင့် (၁) နှစ်စာရရှိသည့် အတိုးတို့အား ပြည်ထောင်စုအဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးထံ ပေးအပ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ရန်ပုံငွေများကို ရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ စနစ်တကျ သုံးစွဲခြင်းရှိ/မရှိနှင့် ရန်ပုံငွေများ သုံးစွဲမှုစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာပါ သုံးသပ်ချက်များအပေါ် လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကိုလည်း တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း နိဂုံးချုပ်အမှာ စကားပြောကြားသည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးဝင်းအတွင်း တည်ဆောက်ပြီးစီးသည့် ပြည်နယ်ကာကွယ်ဆေး သိုလှောင်အအေးခန်း (မြစ်ကြီးနား) ရှိ သုံးထပ်ဆောင် အဆောက်အဦ (အသစ်)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

သုံးထပ်အဆောင် အဆောက်အဦသစ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ပြည်နယ်ကာကွယ်ဆေး သိုလှောင်အအေးခန်း ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် အဆောက်အအုံသစ် မော်ကွန်းကြေးပြားအား အမွှေးနံ့သာရေများ ပက်ဖျန်းပေးကြပြီး အဆောက်အအုံသစ်အတွင်း သိုလှောင်ခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ အဆိုပါ ပြည်နယ်ကာကွယ်ဆေး သိုလှောင်အအေးခန်း (မြစ်ကြီးနား) သုံးထပ်ဆောင်အဆောက်အဦသစ် ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် လိုအပ်သော ပုံမှန်ကာကွယ်ဆေးများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာကာကွယ်ဆေး အမျိုးအစားအလိုက် မတူညီသော သတ်မှတ်အပူချိန်အတွင်း စနစ်တကျသိုလှောင် ထိန်းသိမ်းထားရှိနိုင်မည်ဖြစ်ပြီး ကချင်ပြည်နယ် တစ်ဝန်းလုံးရှိ မြို့နယ်များသို့ စနစ်တကျ ဆက်လက်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် လိုအပ်သောကာကွယ်ဆေးများကို တစ်ပြည်နယ်လုံး လိုအပ် ချက်၏ (၃)လခွဲစာ သိုလှောင်ထားရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

သတင်းစဉ်