မြစ်ကြီးနား ဇန်နဝါရီ ၅
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်တော့မည့် (၇၆) နှစ် မြောက် ကချင်ပြည်နယ်နေ့တွင် မြစ်ကြီးနားမြို့၌ အဖွင့်မနော အက၊ အပိတ်မနောအက၊ ပြခန်း ပြပွဲများ၊ မီနီမာရသွန်အပါအဝင် အားကစား ပြိုင်ပွဲများအပြင် ပြည်နယ်နေ့ အထိမ်းအမှတ် လမ်းဖွင့်ပွဲ၊ ပန်းခြံဖွင့်ပွဲများဖြင့် သုံးရက်တာ စည်ကားသိုက်မြိုက် စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်က ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည့် ပြည်နယ်နေ့ အခမ်း အနား အောင်မြင်စွာ ကျင်းပနိုင် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှ သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်နေ့သည် ပြည်ထောင်စု၏ လွတ်လပ်ရေးနှင့်အတူ သမိုင်း အစဉ်အလာကြီးမားစွာ ပေါ်ပေါက် လာခဲ့သော ပြည်နယ်၏ နေ့ထူးနေ့မြတ်တစ်ခုပင် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု၏ သမိုင်းကြောင်း ခိုင်မာမှု၊ မိမိတို့၏ ယဉ်ကျေးမှု၊ ပြည်နယ်၏ ပုံရိပ်တို့ကိုပေါ်လွင်အောင် စည်ကားသိုက်မြိုက် အေးချမ်းတည်ငြိမ်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြား သည်။
ထို့နောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ရာဇာထွန်းနှင့် တပ်မတော် အရာရှိကြီးက တပ်မတော်မှ ပူးပေါင်းပါဝင် ဆောင်ရွက်သွား မည့် အစီအစဉ်များ ရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဝန်ကြီး များနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဌာနဆိုင်ရာ ပြခန်းများနှင့် MSME ထုတ်ကုန် ပစ္စည်းပြခန်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း စသည့်ပြခန်း ၁၆ ခန်း ဖွင့်လှစ်ပြသသွားမည့် အစီအစဉ်များ၊ မီနီမာရသွန်အပါအဝင် အားကစားနည်း ၁၆ မျိုး ထည့်သွင်းကျင်းပသွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးရာ ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)