မြစ်ကြီးနား ဇန်နဝါရီ ၄

 

ကချင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားကို ယနေ့ နံနက် ၄ နာရီ မိနစ် ၂၀ က မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်တွင် ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲနှင့်အတူ နိုင်ငံတော်အလံအား လွှင့်တင်ခဲ့ကြသည်။

 

ထို့နောက် နံနက် ၇ နာရီတွင် အဆိုပါမြက်ခင်းပြင်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား ဆက်လက်ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖတ်ကြားခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများ၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရကျောင်းသား/ကျောင်းသူများ၊ မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရကျောင်းသား/ကျောင်းသူများ၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ရဲရင့်အောင်(ကချင်မြေ)