စစ်တွေ ဇန်နဝါရီ ၄

 

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊  စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ နံနက် ၄ နာရီ မိနစ်၂၀ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဂုဏ်ပြုတပ်ဖွဲ့က လွှင့်တင်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များက နိုင်ငံတော်အလံကို အလေးပြုကြသည်။

 

ထို့နောက် နံနက် ၇ နာရီတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကိုကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့စစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းတို့ကစစ်ကြောင်း ချီတက်ပြီး စစ်ရေးပြမှူးက ဦးဆောင်ကာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းအား အလေးပြုကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြသည်။

 

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဖတ်ကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ကောင်စစ်ဝန်များ၊ မြို့မိ၊ မြို့ဖများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ကျောင်းသား၊ ကျောင်းသူများအား  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စု ဖွားတိုင်းရင်းသား ပြည်သူအားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်း အစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ရင်း ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် ကမ္ဘာ့အလယ်တွင် ခံ့ညားထည်ဝါစွာ ရပ်တည်နိုင်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသဖြင့် နယ်ချဲ့အင်္ဂလိပ်တို့သည် ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲပြီး မတရားကျူးကျော် သိမ်းပိုက်ခဲ့သဖြင့် ၁၈၈၆ ခုနှစ်တွင် လွတ်လပ်ရေးနှင့်အတူ အချုပ်အခြာအာဏာကိုပါ ဆုံးရှုံးခဲ့ရကြောင်း၊ မြန်မာခေါင်းဆောင်ကြီးများနှင့်အတူ တိုင်းရင်းသားပြည်သူတို့၏ ကြိုးပမ်းမှုကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့သည်မှာ ယနေ့ဆိုလျင် (၇၆)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့ကို နှစ်စဉ်နှစ်တိုင်း သတိရစေရန် နှစ်စဉ်လွတ်လပ်ရေးနေ့ရောက်ရှိတိုင်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပလေ့ရှိကြောင်း၊ နိုင်ငံတော်အစိုးရကလည်း နိုင်ငံ၏တာဝန်ကို ထူးချွန်စွာထမ်းဆောင်ခဲ့သူတို့အား လွတ်လပ်ရေးနေ့၌ ဘွဲ့ထူး၊ ဂုဏ်ထူးများ ချီးမြှင့်အပ်နှင်းလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင်လည်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ကလေးပြိုင်ပွဲ၊ စာစီစာကုံး၊ ကဗျာနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများကို ကျင်းပခဲ့သည့်အတွက် ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်းနှင့် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျင်းပခဲ့သော ပြိုင်ပွဲများတွင် ဆုရရှိသူများအနေဖြင့် ယခုနှစ်တွင် ထူးချွန်ဆုများရရှိအောင် ကြိုးစားဆောင်ရွက်နိုင်သကဲ့သို့ နောင်နှစ်များတွင်လည်း ယခုကဲ့သို့ ထူးချွန်ဆုများရရှိအောင် ပိုမိုကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မွေးကင်းစမှ(၆)လအထိ၊ ၆ လမှ ၁ နှစ်အထိ၊ ၁ နှစ်မှ ၁ နှစ် ၆ လအထိ ကလေးပြိုင်ပွဲများတွင် ဆုရရှိကသော ကလေးငယ်များအား ပြည်နယ်ဝန်ကြီးများ၏ဇနီးများက ဆုများပေးအပ်ချီးမြှင့်ကြပြီး အမွှာကလေးပြိုင်ပွဲတွင် ဆုရရှိကြသော ကလေးငယ်များအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က ဆုများပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများ၊ အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆုများပေးအပ်ချီးမြှင့်ကြပြီး ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆု၊ အသန့်ရှင်းဆုံးဆုရအသင်းနှင့် တတိယဆုရအသင်းတို့ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကာ ဒေသကွပ်ကဲ မှုစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူးက ဒုတိယဆုရရှိသော အသင်းအား ဆုများပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပထမဆုရရှိသောအသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်ထွန်း (ပြန်/ဆက်)