တောင်ကြီး ဇန်နဝါရီ ၄

 

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့ နံနက် ၄ နာရီ မိနစ် ၂၀ က တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား တိုင်အပြည့်လွှင့်ထူပေးပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များမှ နိုင်ငံတော်အလံအား အလေးပြုကြသည်။

 

ဆက်လက်၍ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို နံနက် ၇ နာရီက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် အခမ်းအနား တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့မှ နိုင်ငံတော်သီချင်းကို တီးမှုတ်ဂုဏ်ပြု၍ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြုကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြားသည်။

 

ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားများကို ပြည်နယ်အားကစားကွင်း၌ ကျင်းပရာ ဆုရရှိသည့် ကျောင်းများနှင့် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အသီးသီးဆုများ ချီးမြှင့်ပေးကြကြောင်း သိရသည်။

 

မောင်မောင်သန်း(ပြန်/ဆက်)