နေပြည်တော် ဇန်နဝါရီ ၂

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်(Mobile Medical Unit) ဖြင့် လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီးဌာနဖြစ်သည့် ပြန်ကြားရေးဝန်ကြီး ဌာနမှဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လိုအပ်သောဆေးဝါး ကုသမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေး ခြင်းများ ဆောင်ရွက်ပေးမှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ကြည့်ရှုအားပေးသည်။ 

လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အကျုံးဝင်အာမခံအလုပ်သမား ၁ ဒသမ ၂ သန်းကျော်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီး (၃) ရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၆၀) ၊ စာချုပ်ဆေးခန်း (၅၄) ခန်း၊ သားဖွား မီးယပ်ပြင်ပလူနာကုသမှု (Specialist OG OPD) ဆောင်ရွက်သည့် စာချုပ်ဆေးခန်း (၂၃) ခန်း၊ မီးဖွားဝန်ဆောင်မှုဆောင်ရွက်လျက်ရှိသော စာချုပ် ဆေးရုံ/ သားဖွားခန်း (၁၂) ခန်း၊ တိုင်းရင်းဆေးခန်း (၁) ခန်း တို့ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိသည်။   

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးအာမခံ (Social Insurance) စနစ်အရ  လက်ရှိတွင် အာမခံစနစ် (၆)မျိုးအနက် (၂)မျိုးကို အကောင်အထည် ဖော်လျက် အကျိုးခံစားခွင့် (၁၅)မျိုး ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိသည်၊၊ လစဉ်ထည့်ဝင်ကြေးကို လုပ်ခလစာ တစ်လလျှင် (၁)သိန်းရရှိသည့် အာမခံအလုပ်သမား တစ်ဦးအနေဖြင့် အလုပ်သမား ထည့်ဝင်ကြေး  ၂ ရာခိုင်နှုန်း အတွက် ၂,၀၀၀ ကျပ်နှင့် အလုပ်ရှင်မှ ၃ ရာခိုင်နှုန်း  အတွက် ၃,၀၀၀ ကျပ် စုစုပေါင်း ၅ ရာခိုင်နှုန်းအတွက် ၅,၀၀၀ ကျပ် ပေးသွင်းရပြီး အများဆုံး လုပ်ခလစာ (၃)သိန်းအထိ သတ်မှတ်ထားကာ အလုပ်သမားထည့်ဝင်ကြေး ၂ ရာခိုင်နှုန်း အတွက် ၆,၀၀၀ ကျပ်နှင့် အလုပ်ရှင်မှ ၃ ရာခိုင်နှုန်း အတွက် ၉,၀၀၀ ကျပ် စုစုပေါင်း ၅ ရာခိုင်နှုန်း အတွက် ၁၅,၀၀၀ ကျပ် ပေးသွင်းရပြီး လစဉ်ထည့်ဝင်ကြေးပေါ်မူတည်၍  မကျန်းမာမှုအကျိုးခံစားခွင့်၊  မီးဖွားမှု အကျိုးခံစားခွင့်၊ နာရေးစရိတ်၊ အလုပ်တွင်ထိခိုက်မှုကြောင့်  ယာယီမသန်မစွမ်း ဖြစ်မှု အကျိုးခံစားခွင့်၊ အမြဲတမ်းမသန်မစွမ်း အကျိုးခံစားခွင့်နှင့် အလုပ်တွင် ထိခိုက်မှုကြောင့်  သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် စသည်တို့ကို ခံစားရရှိ နိုင်သည်။

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် ဝန်ကြီးဌာနများသို့ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခြင်းကို ဇန်နဝါရီ ၂ ရက်မှ ၁၅ ရက်ထိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနရှိ အာမခံအလုပ်သမားများ အတွက် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များသို့ ကွင်းဆင်းဆေးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်