မြိတ် ဇန်နဝါရီ ၃
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသခံပြည်သူများ သွားလားရေးအဆင်ပြေစေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ကျွဲကူးကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုးသက်၊ မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသင်းဦး၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လေးမြင့်နှင့် စန္ဒဝတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးအောင်တို့က လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အဖွင့်အမှာစကားပြောကြားပြီး မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသင်းဦးက ကျေးရွာများ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ဖြင့် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စန္ဒဝတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယခုဖွင့်လှစ်သည့် ကျွဲကူးကျေရွာတွင်း ကွန်ကရစ်လမ်းသစ်ကို ၂၀၂၃ - ၂၀၂၄ ဘာဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၅၀)ဖြင့် လမ်းအရှည်ပေ(၄၂၀)၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိသော ကွန်ကရစ်လမ်းကို မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှု၊ ယင်းကျေးရွာနေပြည်သူများ၏ လုပ်အားနှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ လဆန်းပိုင်းက လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလကုန်တွင် လုပ်ငန်းများပြီးစီးခဲ့ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)