ရန်ကုန် ဖေဖော်ဝါရီ ၁၂
၂၀၂၃ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ပြည်သူ့ရင်ပြင်ရှေ့ လွှတ်တော်ဝင်း တန်းစီကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ချုပ် တရားသူကြီး၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းသည် စစ်ရေးပြ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့် အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်း၊ ဓာတ်ပုံ-ကိုကိုဇော်(သတင်းစဉ်)