(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနအဆင့်နှင့် တက္ကသိုလ်အဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

 
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂ 

၂၀၂၃ ခုနှစ် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊  ဝန်ကြီးဌာနအဆင့်နှင့် တက္ကသိုလ်အဆင့် ဆောင်းပါး၊ ပန်းချီ၊  စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဝန်ထမ်းများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ သစ်တောဦးစီးဌာနရုံးချုပ်၊ အင်ကြင်းခန်းမတွင် ကျင်းပသည်။
     
ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဉီခင်မောင်ရီက ဝန်ကြီးဌာနမှဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အမျိုးသားစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ နိုးကြားလာစေရန် ရည်ရွယ်ချက်ဖြင့် ဝန်ကြီးဌာနအဆင့်နှင့် တက္ကသိုလ်အဆင့်‌‌ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် အဓွန့်ရှည် တည်တံ့ ခိုင်မြဲစေရန်အတွက် တစ်မျိုးသားလုံး စည်းလုံးညီညွတ်ခြင်း၏ အခြေခံဖြစ်သော ပြည်ထောင်စု စိတ်ဓာတ် ထာဝစဉ်ရှင်သန်ရေးသည် အဓိကကျကြောင်း၊ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို သက်သေစိုက်ထူခဲ့သည့် အထိမ်းအမှတ်ဖြစ်သော ပြည်ထောင်စုနေ့သည် စိန်ရတုလွန် ၇၆ နှစ် မြောက်ကာလ သို့ရောက်ရှိလာပြီဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဦးတည်ချက် ၁၂ ရပ်တို့ဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား ပြည်သူအားလုံးက ပင်လုံစိတ်ဓာတ်အရင်းခံ၍ ချစ်ကြည်စည်းလုံးစွာ ပူးပေါင်းလက်တွဲ ကြိုးပမ်းဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆုရရှိသူအားလုံးကို ဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် ပြည်ထောင်စုအကျိုး သယ်ပိုး ထမ်းရွက်နိုင်သော ဝန်ထမ်းကောင်းများနင့်် ‌ကျောင်းသား၊ ကျောင်းသူကောင်းများ ဖြစ်လာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆုရရှိသည့် ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ဆုရ‌ရှိသူများကိုယ်စား တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိသည့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ တတိယနှစ် ကျောင်းသား မောင်ဝေယံဟိန်းထက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်