ဝေါ ဖေဖော်ဝါရီ ၉

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန်ရည်ရွယ်၍ ကျေးလက်သောက်သုံးရေကန် ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဗျားထမင်းဆိုင်ကျေးရွာအုပ်စု၊ တမံကြီးကျေးရွာ သောက်သုံးရေကန်၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ သောက်သုံးရေကန်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသီဟထွန်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အဆိုပါ သောက်သုံးရေကန်အား  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စု ရန်ပုံငွေကျပ်(၁၀)သန်းဖြင့် မြေသားရေကန် (၂×၁၇၀×၂၀×၇)ပေ(၁×၁၄၀×၇၀×၇)ပေနှင့် ခြံစည်းရိုး ကာရံခြင်း(၈၀၀×၅)ပေတို့ကို တောင်ငူရတနာကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ဝေါမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေရှိရေးလုပ်ငန်း(၁၁)ခုကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)