နေပြည်တော် နိုဝင်ဘာ ၄
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင် တက်ရောက် အမှာစကား ပြောကြားသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်က ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့်အချက်များအား တာဝန်ရှိသူများ၊ ဆပ်ကော်မတီများနှင့် ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များရှိပါက စီမံခန့်ခွဲမှုကော်မတီသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး အခြေအနေ ပြောင်းလဲမှုများရှိပါက သက်ဆိုင်ရာ ဆပ်ကော်မတီများသို့ အချိန်မီအကြောင်းကြား ပေးသွားမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူဝါဒကိုအခြေခံပြီး စည်းမျဉ်း၊ စည်းကမ်းများ၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်သွားရန်ဖြစ်ပြီး (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသည် နိုင်ငံတော်၏ အခမ်းအနားဖြစ်သည့်အတွက် အစစအရာရာ ဂရုတစိုက်ဖြင့် လုပ်ငန်းများဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ကော်မတီ/ ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိ မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက ဆပ်ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်