(၇၆)နှစ်မြောက် တပ်မတော်(ရေ)နေ့အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်
နေပြည်တော်၊ ဒီဇင်ဘာ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်(ရေ)၏ (၇၆) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝ ကာကွယ်စောင့်ရှောက်ရန်အတွက် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သို့ စစ်ရေယာဉ်များ လွှဲပြောင်းတပ်တော်ဝင်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အမှတ် (၃) ရေတပ် ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ဂုဏ်ပြု အမှာစကားပြောကြားသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ ရေတပ်စခန်း ဌာနချုပ်မှူးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က တပ်တော်ဝင် စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ရေတပ် သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူး က ဗျူဟာ စစ်ရေယာဉ်စုမှူးထံ စစ်ရေယာဉ်များနှင့်ပတ်သက်သော စာရွက်စာတမ်းများအား လည်းကောင်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှူးက မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ထံ တပ်မတော် (ရေ) မှ လွှဲပြောင်းပေးအပ်သည့် စစ်ရေယာဉ်များနှင့် ပတ်သက်သော စာရွက်စာတမ်းများအား လည်းကောင်း အသီးသီး လွှဲပြောင်းပေးအပ်သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် တပ်မတော် (ရေ) ၏ (၇၆) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့ အခမ်းအနား ဖြစ်သကဲ့သို့ တပ်မတော် (ရေ) အတွက် ၃၃ မီတာ ကမ်းခြေစောင့်တိုက်ရေယာဉ် ၂ စီး၊ ပြည်ပမှ နည်းပညာလွှဲပြောင်းခဲ့ပြီး တပ်မတော် (ရေ) က ကိုယ်တိုင်တည်ဆောက်ခဲ့သည့် သတ္တမ မြောက်နှင့် အဌမမြောက် ၂၇ မီတာ Super Dvora အမြန်သွားကင်းလှည့်ရေယာဉ် ၂ စီး၊ မြစ်တွင်းသွား ကင်းလှည့်ရေယာဉ် ၁ စီးတို့ တပ်တော်ဝင် အခမ်းအနားဖြစ်သည့်အပြင် ကမ်းခြေစောင့်တပ်ဖွဲ့ကို ကမ်းလွန်ကင်းလှည့်ရေယာဉ် ၁ စီး၊ ကမ်းခြေစောင့် တိုက်ရေယာဉ် ၂ စီး လွှဲပြောင်းပေးသည့် အခမ်းအနားဖြစ်သည့်အတွက် တပ်မတော် (ရေ)နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့အတွက် ထူးခြားလေးနက်သည့် စွမ်းအား တစ်ရပ်ကို ထပ်မံဖြည့်ဆည်းပေးနိုင်သည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း။
တပ်မတော်(ရေ)ကို တည်ဆောက်ရာတွင် အဆင့်လိုက် မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွား ဇုန်အား အပြည့်အဝကာကွယ်နိုင်သည့် သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင် အသင့်ရေတပ်(Three Dimensional Combat Ready Navy)အဖြစ် ခြေလှမ်းသစ် တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက် နိုင်စွမ်းရှိသည့် ရေတပ် (Adjacent Force Projection Navy/ Regional Navy) အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ် (Adjacent Force Projection Navy/ Regional Navy) ဖြစ်ရန် ပင်လယ်ပြင်တွင် ရေရှည်ရပ်တည်နိုင်စွမ်းရှိပြီး တိုက်စွမ်းအား ပြည့်ဝသည့် စစ်ရေယာဉ်ကြီးများရှိမှသာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ဒုတိယအဆင့် ရည်မှန်းချက်ကို ပြည့်မီရန် ဒေသတွင်းအင်အား ဖြန့်ကြက်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်ကြီးများကို ဆက်လက်တည်ဆောက် သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွားများ ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ တတိယအဆင့် ရေရှည်မျှော်မှန်းချက်အနေဖြင့် မိမိအကျိုးစီးပွားများ ဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အား ပို့လွှတ်နိုင်သည့် ရေတပ် (Blue Water Navy Ambition) အဖြစ် မျှော်မှန်း တည်ဆောက်သွားမည်ပင်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)၏ ရည်မှန်းချက် အဆင့်တိုင်းကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် တိုက်စွမ်းရည် မြင့်မားသည့် စစ်ရေယာဉ်များ လိုအပ်သလို အဆိုပါ စစ်ရေယာဉ်များကို ကိုင်တွယ် မောင်းနှင်နိုင်မည့် တိုက်စွမ်းရည်ပြည့်ဝသော ရေတပ် စစ်သည်တော်များ ဖြစ်စေရေး အမြဲတမ်းလေကျင့်နေရန် လိုအပ်မည်ဖြစ်ကြောင်း။
တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်မှု အတွေ့အကြုံ များပြားလာတာသည်အမျှ အရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ကြောင်း၊ စွမ်းရည်ထက်မြက်သည့် တိုက်ပွဲဝင် စစ်ရေယာဉ်များဖြစ်စေရေးအတွက် စစ်ရေယာဉ်တစ်စီးချင်းစီ၏ စွမ်းဆောင်နိုင်မှုများ တိုးတက်ကောင်းမွန်လာစေရေး ဆက်လက် ကြိုးပမ်းတည်ဆောက်သွားရမည်ဖြစ်ပြီး ထိုသို့စစ်ရေယာဉ် တည်ဆောက်ရေး တာဝန်များကို ထမ်းဆောင်နေကြသည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် အားလုံးကိုလည်း ချီးကျူး မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း။
ခေတ်မီစွမ်းအားကြီးမားပြီး အသွားထက်သည့် စစ်ရေယာဉ်ကြီးများကို ဆက်လက်အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် ယခုရရှိခဲ့သည့် အတွေ့အကြုံနှင့် ကျွမ်းကျင်သည့် တည်ဆောက်ရေးစွမ်းရည်များကို ဆက်လက်အသုံးချပြီး အနာဂတ်တွင် ဖြစ်ပေါ်လာမည့် လွန်းကျင်းကြီးများနှင့် ရေယာဉ် တည်ဆောက်နိုင်မှု စွမ်းရည်တွေပေါင်းစပ် တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ စွမ်းအားကြီးမားသည့် စစ်ရေယာဉ်ကြီးများအပြင် အရပ်ဘက်ကုန်တင်ရေယာဉ်ကြီးများနှင့် ဆီတင် ရေယာဉ်ကြီးများကိုလည်း တည်ဆောက်ပေးနိုင်ခြင်းဖြင့် ရေတပ်စွမ်းအား(Naval Power) ရရှိရန် တစ်ခုတည်းသာမကဘဲ နိုင်ငံ၏ ရေကြောင်းစွမ်းအား(National Maritime Power) ကိုပါ တိုးတက်မြှင့်တင်နိုင်မည်ပင်ဖြစ်ကြောင်း။
ယခုနှစ် မေလ ၁၄ ရက်တွင် ရခိုင်ပြည်နယ်အတွင်း အလွန့်အလွန် အားကောင်းသည့် မိုခါမုန်တိုင်း စစ်တွေမှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ဖြတ်ကျော်ပြီးနောက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် စားသောက်ကုန်ပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ချက်ချင်းပို့ဆောင် ပေးနိုင်ခဲ့ကြောင်း၊ မုန်တိုင်းပြီးဆုံးပြီးနောက် ပြန်လည်ထူထောင်ရေးကာလတွင်လည်း ရန်ကုန်-စစ်တွေနှင့် ရခိုင်ပြည်နယ် အတွင်းသို့ စုစုပေါင်းကုန်ပစ္စည်း တန် ၉,၀၀၀ ကျော် အား စစ်ရေယာဉ် ၄၉ စီးဖြင့် ပို့ဆောင်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းသည် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး ကာလများတွင် နိုင်ငံ့ဘဏ္ဍာငွေ အများစုကို အသုံးပြုပြီး “ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်နဲ့” ဆိုသည့် စိတ်ကောင်းစေတနာဖြင့် ဆောင်ရွက်ပေးခဲ့ရာ ယခုဆိုလျှင် ၉၉ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့သော အချိန်တွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သမားများက တစ်ကျော့ပြန်၍ အဖျက်အမှောက်လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နေသဖြင့် ရခိုင်ပြည်သူတို့၏ ဘဝအိုးအိမ်စည်းစိမ်နှင့် တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးမှုများဖြစ်ပေါ်ခဲ့ရသည်။
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေတွင်လည်း တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် မထိခိုက်စေရေးတို့အတွက် တပ်မတော်(ကြည်း)၊ တပ်မတော်(လေ) တို့နှင့်အတူ သောင်းကျန်းသူ အမြစ်ဖြတ်ချေမှုန်းရေးကို ဆောင်ရွက်နေကြသည်ကို ဂုဏ်ယူပါကြောင်းဖြင့် ပြောကြားလိုပါကြောင်း။
ပင်လယ်ပြင်သည် နိုင်ငံတော်၏ အနာဂတ်အကျိုးစီးပွားကို ပုံဖော်နေသည့်အတွက် ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်ရေးသည် တပ်မတော်(ရေ)၏ အဓိက တာဝန်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် မြန်မာ့ပင်လယ်ပြင်ရေကြောင်းလုံခြုံရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည့် တပ်မတော် (ရေ) သည် ယခုအခါ (၇၆) နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ သမိုင်းကြောင်းတစ်လျှောက် တပ်မတော် (ရေ) တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်(ရေ)၏ ပဲ့ကိုင်ရှင်များ၊ လက်တွဲဆောင်ရွက်ခဲ့ကြသော စစ်သည်တော်များ၏ ကြိုးပမ်းတည်ဆောက်ခဲ့မှု အစဉ်အလာ ကောင်းများကြောင့် နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် ပြည်သူက အားကိုးရသော စွမ်းအားနှင့် စွမ်းရည်ပြည့်ဝသည့် ရေတပ်တစ်ခုအဖြစ်သို့ တက်လှမ်းနေပြီဖြစ်ကြောင်း။
ယနေ့ အခါသမယတွင် လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များအနေဖြင့် ရှိရင်းစွဲ သမိုင်းအစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းကာ (၇၆) နှစ်မြောက် တပ်မတော် (ရေ) နေ့မှာ ပါဝင်ထမ်းဆောင် ခွင့်ရရှိသူများအဖြစ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်း ထမ်းဆောင် သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ထံသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ)က တပ်တော်ဝင်အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များကို ဂါရဝပြု ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က တပ်တော်ဝင်ရေယာဉ်များ တည်ဆောက်ခဲ့ချိန်တွင် ပါဝင် ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်သော ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။

၎င်းနောက် စစ်ဦးစီးအရာရှိချုပ် (ရေ) က တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံ လွှင့်တင်ခြင်း၊ တပ်မတော် (ရေ) အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင် အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း (၈) ချက်တီးခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင်စစ်ရေယာဉ်များဖြစ်သော (၃၃) မီတာ ကမ်းခြေစောင့် တိုက်ရေယာဉ် (၂)စီး ၊ (၂၇)မီတာ အမြန်သွားကင်းလှည့်ရေယာဉ် (၂) စီးနှင့် မြစ်တွင်းသွားကင်းလှည့်ရေယာဉ် (၁)စီး၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ် တပ်တော်ဝင် သောရေယာဉ်များအား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်