ရွှေအိမ်လင်း(တိုင်းတာရေး)

ကမ်းရိုးတန်းပိုင်ဆိုင်သည့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ ရေပြင်ပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ သီးသန့်စီးပွားရေးဇုန်အထိ ဖြန့်ကြက်တိုက်ပွဲဝင်နိုင်သည့် ရေတပ်များ၊ ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ရေကြောင်းရဲတပ်ဖွဲ့များကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရေမိုင်ပေါင်း ၁၂၆၀ ကျော်ခန့် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်နှင့်အညီ အချုပ်အခြာအာဏာရေပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တပ်မတော်(ရေ)ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

အမှန်စင်စစ် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် နေထိုင်ခဲ့သည့် ရှေးမြန်မာမင်းများလက်ထက် ၁၂ ရာစု အဦးပိုင်းကာလက အစပြုဖွဲ့စည်းခဲ့သည့် ရှေးခေတ်မြန်မာ့ရေတပ်သည် ခြေလျင် ကြည်းတပ်များနှင့်ပူးပေါင်း၍ သမိုင်းမော်ကွန်းတင်ကျန်ရစ်သော တိုက်ပွဲများစွာအား ပါဝင်ဆင်နွှဲခဲ့သည့် အစဉ်အလာကောင်းများရှိခဲ့သည်။ ထို့အတူ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် နယ်ချဲ့အင်္ဂလိပ်တို့နှင့် ဖက်ဆစ်ဂျပန်တို့အား ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army-BIA) နှင့်အတူရှိသည့် ရေယာဉ်၊ ရရာလက်နက်တို့ဖြင့် မြစ်ဝကျွန်းပေါ်တိုက်ပွဲများ၊ ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုး တန်းတိုက်ပွဲများကို အောင်မြင်စွာဆင်နွှဲနိုင်ခဲ့သည်။ မြန်မာ့ပင်လယ်ပြင်နှင့် မြစ်တွင်းစစ်ဆင်ရေးများတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ပြီး တွံတေးတိုက်ပွဲ၊ ဝက်ကော်တိုက်ပွဲတို့သည် တပ်မတော် (ရေ)၏ ထင်ရှားသောတိုက်ပွဲများဖြစ်ကြသည်။

ဆိတ်ဆိတ်နေ၍ နက်နက်ငုပ်နိုင်သည့် ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ထား
ခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းလာခဲ့ရသော တပ်မတော်(ရေ)သည် နိုင်ငံတကာရေတပ်များနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် တိုးတက်ခေတ်မီသော တပ်မတော်(ရေ) အဖြစ်သို့ ချီတက်လျက်ရှိရာ ယနေ့တပ်မတော်(ရေ)သည် ကမ်းရိုးတန်းကို ကာကွယ်စောင့်ရှောက်နိုင်သည့် ရေတပ်အဖြစ်မှ သီးသန့်စီးပွားရေးဇုန်အထိ ဖြန့်ကြက်စစ်ဆင်နိုင်သည့် ရေတပ်အဆင့်သို့ တက်လှမ်းရောက်ရှိ နေပြီဖြစ်သည်။ စစ်ရေယာဉ်-မေယုမှသည် ဖရီးဂိတ်စစ်ရေယာဉ်များစွာကို ကိုယ်တိုင်တည်ဆောက်ပြီး Buyer to Builder အဆင့်အထိ ရောက်ရှိခဲ့ပြီး ဘက်စုံသုံး ထောက်ပံ့ရေးရေယာဉ်များနှင့် ဆိတ်ဆိတ်နေ၍ နက်နက်ငုပ်နိုင်သည့် (Run Deep Run Silence) ရေငုပ် သင်္ဘောများကိုလည်း ရရှိပိုင်ဆိုင်ထားသည်။ စစ်ရေယာဉ်များကို ပြည်တွင်း၌ ပင် တည်ဆောက်၍ ကုန်ကျစရိတ်များစွာ သက်သာခဲ့ပြီး နိုင်ငံတော်၏ဘဏ္ဍာငွေများ ချွေတာနိုင်သဖြင့် အခြားသောနိုင်ငံ ဖွံ့ဖြိုးရေးကဏ္ဍများတွင် ခွဲဝေသုံးစွဲနိုင်ခဲ့ပါသည်။

နိုင်ငံတော်အား ပင်လယ်ပြင်မှ ရှေ့တန်းကျကျ ကာကွယ်နိုင်ရမည်

နိုင်ငံတော်အား ပင်လယ်ပြင်မှ ရှေ့တန်းကျကျ ကာကွယ်နိုင်ရမည်။ နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်နိုင်ရမည်။ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရမည်ဟူသော ရည်မှန်းချက် တာဝန်များထားရှိကာ အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်ရမည်ဟူသော တပ်မတော်၏ ရည်မှန်းချက်တာဝန်များကို တစ်ဖက်တစ်လမ်းမှ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံတော်အား ပင်လယ်ပြင်မှ ရှေ့တန်းကျကျ ကာကွယ်နိုင်ရမည်ဟူသော ရည်မှန်းချက်တာဝန်နှင့်အညီ တပ်မတော်(ရေ)ရှိ ဖရီးဂိတ်စစ်ရေယာဉ် များ၊ ကော်ဗက်စစ်ရေယာဉ်များဖြင့် ရေပြင်စစ်ဆင်ရေး၊ ရေအောက်စစ်ဆင်ရေး၊ ဝေဟင်စစ်ဆင်ရေးနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေးတို့တွင် အောင်မြင်မှုများရရှိစေရန် ရေယာဉ်တစ်စင်းချင်းစီ အလိုက်၊ ရေယာဉ်အုပ်အလိုက် လေ့ကျင့်သည်သာမက နှစ်စဉ်စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercises) များကို ၂၀၁၄ ခုနှစ်မှ စတင်၍ လေ့ကျင့်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ စသည့်အင်အားကြီး ရေတပ်များမှ ကျင်းပပြုလုပ်သည့် ပင်လယ်ပြင် စစ်ရေးလေ့ကျင့်ခန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အိမ်နီးချင်း ရေတပ်များနှင့် ပင်လယ်ပြင်နယ်နိမိတ် တစ်လျှောက်ပူးတွဲကင်းလှည့်ခြင်း (Coordinate Patrol-CORPAT) များ ဆောင်ရွက်လျက်ရှိပါသည်။

ရေကြောင်းအကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်နိုင်ရမည်
နိုင်ငံတော်၏ ရေကြောင်းအကျိုး စီးပွားများအား ကာကွယ်စောင့်ရှောက် နိုင်ရမည်ဟူသော ရည်မှန်းချက်တာဝန်များနှင့်အညီ အမိနိုင်ငံပိုင်ဆိုင်သော ကုန်းမြေဧရိယာ စတုရန်းမိုင်ပေါင်း ၂၆၁၂၂၈ ၏ တစ်ဝက်ကျော်ခန့်ရှိသော စတုရန်းရေမိုင်ပေါင်း ၁၄၁၂၁၀ ရေပြင် ဧရိယာအား ပိုင်ဆိုင်ထားသည့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းတွင် ကမ်းလွန် ရေနံ/ သဘာဝဓာတ်ငွေ့၊ ငါး၊ ပုစွန်နှင့် အခြားရေပေါ်/ ရေအောက်သယံဇာတများ ပေါကြွယ်ဝလျက်ရှိပြီး ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် မြိတ်ကျွန်းစုနှင့် ၎င်းတို့ကိုမှီခိုနေကြရသည့် သက်ရှိ၊ သက်မဲ့သယံဇာတများအား ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှာ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးစင်များ၏ လုံခြုံရေး၊ ရေအောက်သယံဇာတများကို တရားမဝင် ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းမရှိစေရေး အစဉ်အမြဲစောင့်ကြပ်၍ လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိသည်။ မျက်မှောက်ခေတ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ အရေးပါလာသည့် အိန္ဒိယသမုဒ္ဒရာ၏ အစိတ် အပိုင်းများဖြစ်သော ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့ကဲ့သို့ ပထဝီနိုင်ငံရေးအရ အရေးပါသည့် Choke Point ဖြစ်သော မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်ရန်မှာ တပ်မတော်၏တာဝန် တစ်နည်းအားဖြင့် တပ်မတော် (ရေ) ၏ တာဝန်ပင်ဖြစ်သည်။

ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင် စွမ်းရှိရမည်ဟူသော ရည်မှန်းချက် တာဝန်များနှင့်အညီ တပ်မတော်(လေ)နှင့်အတူ ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း၊ လေ့ကျင့်ခန်း (အောင်ဇေယျ) အား ၂၀၀၉ ခုနှစ်တွင် လည်းကောင်း၊ တပ်မတော်(ကြည်း)၊ တပ်မတော်(လေ) တို့နှင့်အတူ ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်ခန်း၊ လေ့ကျင့်ခန်း (ဆင်ဖြူရှင်) အား ၂၀၁၈ ခုနှစ်တွင် လည်းကောင်းပြုလုပ်ခဲ့ပါသည်။ ခေတ်သစ်စစ်ပွဲများ၏ သဘောသဘာဝအရ လက်ရုံးတပ်ဖွဲ့တစ်ခုတည်းအားဖြင့် စစ်ဆင်တိုက်ခိုက်၍မရတော့ဘဲ သဘောသဘာဝမတူညီသော လက်ရုံးတပ်ဖွဲ့များ၏ စွမ်းဆောင်ရည်များကို အချင်းချင်း ချိတ်ဆက်ပြီး ပေါင်းစပ်ညှိနှိုင်း၍ သာလွန် ပေါင်းစည်းတိုက်စစ်အားဖြင့်သာ အောင်ပွဲရရှိနိုင်မည်ဖြစ်သောကြောင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံးတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းများတွင် တပ်မတော်(ရေ)အနေဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်းကို နှစ်စဉ်လေ့ကျင့်

နိုင်ငံတကာ ရေတပ်များနည်းတူ တပ်မတော်(ရေ)သည် စစ်ရေးကဏ္ဍ (Military Role)၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ (Constabulary Role)၊ သံတမန်ရေးကဏ္ဍ (Diplomatic Role) နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကဏ္ဍ (Benign Role) တို့တွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ စစ်ရေးကဏ္ဍအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အချိန်မရွေးတိုက်ပွဲ ဝင်နိုင်သည့်ရေတပ်ဖြစ်စေရေး စစ်သည်တစ်ဦးချင်း ကျွမ်းကျင်မှုသာမက အဖွဲ့လိုက်ကျွမ်းကျင်မှုရှိစေရေးအတွက် လေ့ကျင့်ဆောင်ရွက်လျက်ရှိပါသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တပ်မတော်(ရေ)ရှိ ဗျူဟာစစ်ရေယာဉ်စုများမှ စစ်ရေ ယာဉ်များဖြင့် စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise–Sea Shield) ကို နှစ်စဉ်လေ့ကျင့်လျက်ရှိခြင်းကြောင့် တပ်မတော် (ရေ) ရှိ အရာရှိ၊ စစ်သည်များအတွက် အဖိုးမဖြတ်နိုင်သော အတွေ့အကြုံကောင်းများ၊ အလေ့အကျင့်ကောင်းများ ရရှိပိုင်ဆိုင်သည်သာမက ပင်လယ်ပြင်တိုက်ခိုက်ရေးစွမ်းရည် ပိုမိုတိုးတက်စေခဲ့ပါသည်။

ယနေ့ခေတ် ရေကြောင်းကုန်သွယ်သွားလာမှု တိုးတက်များပြားလာမှုနှင့် အတူ ပင်လယ်ပြင်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေးသည်လည်း အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်လာခဲ့သည်။ ပင်လယ်ပြင် အကြမ်းဖက်မှု၊ တရားမဝင်ငါးဖမ်းဆီးမှု၊ တရားမဝင်ရွှေ့ပြောင်းသွားလာမှု၊ အဖိုးတန်သစ်များ၊ လက်နက်နှင့်မူးယစ်ဆေးဝါးများ တရားမဝင်သယ်ဆောင်ရောင်းဝယ်မှု၊ လူမှောင်ခိုကူးမှုတို့ကို ထိရောက်စွာ ကာကွယ်ရန်မှာ တပ်မတော်(ရေ) ၏ တာဝန်ပင်ဖြစ်ပါသည်။ ပင်လယ်ပြင်တရား ဥပဒေစိုးမိုးရေးအတွက် တပ်မတော်(ရေ)နှင့်အတူ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့၊ မြန်မာရေကြောင်းရဲတပ်ဖွဲ့နှင့် အခြားသော ရေကြောင်းဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ မြန်မာ့ ပင်လယ်ပြင်တစ်လျှောက် တရားဥပဒေစိုးမိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးအတွက် မိမိတို့နိုင်ငံတစ်ခုတည်းရပ်တည်၍မရဘဲ ရေပြင်ဧရိယာချင်းထိစပ်လျက် ရှိသည့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများ၏ရေတပ်များ၊ ကမ်းခြေစောင့်တပ်ဖွဲ့များနှင့်လည်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။ 

ရေတပ်များ အချင်းချင်းပူးပေါင်း ဆောင်ရွက်

ရေတပ်အင်အား သာလွန်သည့်နိုင်ငံများအနေဖြင့် ယင်းတို့၏အကျိုးစီးပွားအတွက် အခြားနိုင်ငံငယ်များအပေါ် စစ်ရေး၊ နိုင်ငံရေးနည်းလမ်းများဖြင့် ဖိအားပေးမှုများကြောင့် ကမ်းရိုးတန်းနိုင်ငံများသည် ရေကြောင်းစွမ်းအား တိုးတက်စေရန် အစဉ်အလေးပေး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံချင်းစစ်ရေးဆိုင်ရာ အပြိုင်အဆိုင်စုဖွဲ့ပြင်ဆင်မှု၊ နျူကလီးယားလက်နက်များ ပိုင်ဆိုင်လာမှုတို့သည် သမားရိုးကျရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုများဖြစ်ပြီး ကုန်ပစ္စည်းခိုးယူမှု၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု၊ တရားမဝင် ရွှေ့ပြောင်းသွားလာမှု၊ ပင်လယ်ဓားပြမှုနှင့် လက်နက်ကိုင်လုယက်မှု၊ အခြားသော ရေကြောင်းဆိုင်ရာ အဖျက်လုပ်ငန်းများ ဆောင်ရွက်မှုတို့သည် သမားရိုးကျမဟုတ်သော ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှု များဖြစ်သည်။ မျက်မှောက်ခေတ် နိုင်ငံတကာရေတပ်များသည် အထူးသဖြင့် သမားရိုးကျမဟုတ်သော ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖြေရှင်းရန် သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ ရေတပ်တစ်ခုတည်းအင်အားဖြင့် ဆောင်ရွက်၍မရဘဲ ရေတပ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်(ရေ)အနေဖြင့် အထက်ပါ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရေး အိမ်နီးချင်းနိုင်ငံရေတပ်များ၊ ဒေသတွင်းနိုင်ငံရေတပ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ရေတပ်ဆိုင်ရာ သံတမန်ရေးရာကဏ္ဍသည် အရေးကြီးသောတာဝန်ဖြစ်
နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို အထောက်အကူပြုရန် ရေတပ်ဆိုင်ရာ သံတမန်ရေးရာကဏ္ဍသည် နိုင်ငံ အသီးသီးရှိရေတပ်များအတွက် အရေးကြီးသောတာဝန်ဖြစ်သည်။ စစ်ရေယာဉ် တစ်စင်းသည် သက်ဆိုင်ရာနိုင်ငံ၏ ကိုယ်စားပြုသံတမန်သဖွယ် ဖြစ်သောကြောင့် တပ်မတော်(ရေ) ရှိ စစ်ရေယာဉ် များအား နိုင်ငံတကာ ရေတပ်အခမ်းအနားများသို့ စေလွှတ်တက်ရောက်စေခြင်း၊ တပ်မတော်(ရေ)အကြီးအကဲများ၏ ချစ်ကြည်ရေးခရီးစဉ်များ၊ စစ်ရေယာဉ်များအချင်းချင်း အပြန်အလှန် အလည်အပတ်ခရီးစဉ်များ စေလွှတ်ခြင်းဖြင့် သံတမန်ရေးရာကဏ္ဍကို တိုးမြှင့်လျက် အာဆီယံနိုင်ငံများအပါအဝင် အိန္ဒိယကဲ့သို့ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများသာမက မိုင်ထောင် ချီကွာဝေးသော ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများအထိ စေလွှတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ သံတမန်ရေးကဏ္ဍ တိုးတက်ခိုင်မာစေရန် ရည်ရွယ်၍ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ ရေတပ်တို့နှင့်အတူ အပြည်ပြည်ဆိုင်ရာ ရေတပ်တွေ့ဆုံပွဲ (International Fleet Review)၊ နိုင်ငံတကာရေတပ်စစ်ရေယာဉ် များ လေ့ကျင့်ခန်း (Multi-National Naval Exercise-MILAN)၊ အာဆီယံ-ရုရှားရေတပ်လေ့ကျင့်ခန်း (ASEAN-RUSSIA Naval Exercise) တို့တွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အာဆီယံနိုင်ငံများမှ အလှည့်ကျကျင်းပသည့် နိုင်ငံတော် အဆင့်အစည်းအဝေးဖြစ်သည့် (၅)ကြိမ် မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ တွေ့ဆုံပွဲ (ASEAN Naval Chief Meeting-ANCM) ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ခဲ့ပြီး အဆိုပါတွေ့ဆုံပွဲများသို့ နှစ်စဉ်တက်ရောက်၍ သံတမန် ရေးကဏ္ဍအား ခိုင်မာအားကောင်းအောင် တည်ဆောက်လျက်ရှိပါသည်။

တပ်မတော်(ရေ)၏ လုပ်ငန်းကဏ္ဍကြီးများအနက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေးကဏ္ဍတွင်လည်း တပ်မတော်(ရေ)သည် တပ်မတော် (ကြည်း၊ လေ) တို့နှင့်အတူ ကျရာတာဝန်များကို အစဉ်တစိုက် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)နှင့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)တို့ဖြင့် ကမ်းရိုးတန်း နေပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုနှင့် စီးပွားရေးကျဆင်း လာမှုတို့ကြောင့် ပြည်ပနိုင်ငံများတွင် အတိဒုက္ခရောက်နေကြသည့် အမိမြန်မာ နိုင်ငံသားများအား တပ်မတော်(ရေ)ရှိ ဘက်စုံသုံး ထောက်ပံ့ရေးရေယာဉ် စစ်ရေယာဉ် (မုတ္တမ)၊ ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)၊ စစ်ရေယာဉ် (ဆင်ဖြူရှင်)နှင့် စစ်ရေယာဉ် (တပင် ရွှေထီး)တို့ဖြင့် ပြန်လည်ခေါ်ဆောင် နိုင်ခဲ့ပါသည်။ မျက်မှောက်ခေတ်ကာလတွင် ပိုမိုဖြစ်ပွားလာသည့် သဘာဝဘေးအန္တရာယ်များကြောင့် ဒုက္ခရောက် နေကြရသည့် ပြည်သူလူထုအား ကူညီစောင့်ရှောက်ကြရာတွင် ၂၀၂၃ ခုနှစ်၌ ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများတွင် လည်းကောင်း၊ ထောက်ပံ့ရေးပစ္စည်းများ သယ်ယူ ပို့ဆောင်ရေးတွင် လည်းကောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် လည်းကောင်း တပ်မတော်(ရေ)၏ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုများကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်။ 

တပ်မတော်(ရေ)အနေဖြင့် မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် ကဏ္ဍကြီး (၄)ရပ်အား အောင်မြင်စွာအကောင် အထည်ဖော်ကာ သုံးဘက်မြင်စစ်ဆင် နိုင်စွမ်းရှိသော၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်သော၊ ရည်မှန်းချက်တာဝန် (၃) ရပ်အား အပြည့်အဝ အကောင်အထည်ဖော်နိုင်သော၊ နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံး က အားကိုးအားထားပြုနိုင်သော တပ်မတော် (ရေ) ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အပြင် အရည်အချင်းပြည့်ဝသော အရာရှိ၊ စစ်သည်များနှင့် စွမ်းအားပြည့်စစ်ဆင်နိုင်သော ဝေဟင်၊ ရေပြင်၊ ရေအောက်၊ မြေပြင် ပစ်ခတ်နိုင်သောလက်နက်နှင့် အာရုံခံ စနစ်များဖြင့် မြန်မာ့ပင်လယ် ဒို့ကာကွယ်လျက် စွမ်းရည်ထက်မြက် အောင်ပွဲဆက်မည့် တပ်မတော်(ရေ)အဖြစ် ဆက်လက် ချီတက်သွားမည်ဖြစ်ကြောင်း ဂုဏ်ပြုတင်ပြအပ်ပါသည်။     ။