နေပြည်တော် နိုဝင်ဘာ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပမည့် (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ် ရေးစာမေးပွဲကြီးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပမည် ဖြစ်သည်။
အဆိုပါစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက် (အင်္ဂါနေ့) နံနက် ၈နာရီခွဲတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌လည်းကောင်း၊ စာပြန်ပွဲကို မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ လည်းကောင်း၊ ဆွမ်းဆက်ကပ်ခြင်းကို သုံးထပ်ဆွမ်းစားဆောင်တွင်လည်းကောင်း ၃၃ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပါ၍ လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် သာသနာရေးဉီးစီးဌာန၊ စာမေးပွဲဌာနခွဲ၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့ ၀၉၄၃၀၆၇၁၆၈၊ ၀၉၄၄၃၁၉၀၁၉၃ တို့သို့ ဆက်သွယ်၍ ထာဝရကုသိုလ်ရှင်များအဖြစ် စိုက်ထူလှူဒါန်းနိုင်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားနှင့်စာပြန်ပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၂ ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယဆရာတော်ကြီး ၁၁ ပါး၊ ပုစ္ဆကဆရာတော် ၄ ပါး၊ ကြီးကြပ်ရေး ဆရာတော် ၄ ပါး၊ စာထောက်စာမဆရာတော် အပါး ၁၆၀ ၊ အာဂုံပြန်စာရင်းသွင်းသံဃာ အပါး ၂၇၀ ၊ သဘောရေးဖြေ စာရင်းသွင်းသံဃာ ၂၃၈ ပါး၊ စုစုပေါင်း ၆၈၉ ပါး ကြွရောက်တော်မူကြမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်