နေပြည်တော် ဖေဖော်ဝါရီ ၁၂

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားတွင်  ပါဝင်ပြသကြသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင်  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲ တတိယနေ့အဖြစ် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ပြသလျက်ရှိရာ ကျောင်းသားကျောင်းသူများ၊ လူငယ်များ၊ ပြည်ထောင်စုနေ့ အခမ်းအနားတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများနှင့် ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက် လေ့လာကြည့်ရှုကြသဖြင့် အထူးစည်ကားလျက်ရှိသည်။

ပွဲတော်သို့ လာရောက်သည့် တပ်ကုန်းမြို့မှ ကိုဝေယံ က “ဒီလိုပွဲတော်လုပ်ပေးတဲ့အတွက် ကိုယ့်တိုင်းရင်းသား ညီအစ်ကိုတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တွေ၊ ဒေသထွက် ပစ္စည်းတွေနဲ့ အထင်ကရနေရာတွေကို တစ်နေရာတည်းမှာ လေ့လာခွင့်ရတယ်။ တိုင်းရင်းသားတွေရဲ့ အကအလှတွေနဲ့ ဝတ်စုံတွေဆို အခုမှမြင်ဘူးတယ်။ တိုင်းရင်းသားရိုးရာ အစားစာတွေဆို လည်းအခုမှပဲ အစုံစားဘူးတယ်။ တကယ်ကို ထူးထူးခြားခြား ကြုံတွေ့ခွင့်ရတဲ့ပွဲပါ ” ဟုပြောသည်။

ထို့ပြင် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားကြသည့် နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များများမှ ပြခန်းအလိုက် တာဝန်ရှိသူများက MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် သတင်းအချက်အလက်နှင့် နည်းပညာများ မျှဝေပေးခြင်း၊ ပြည်တွင်း/ပြည်ပ ဈေးကွက်များသို့ မိမိတို့ လုပ်ကိုင်နေသည့် လုပ်ငန်းများအလိုက် လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်စေရန်၊ လုပ်ငန်းများအလိုက် ကြုံတွေ့ရမည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နည်းများကို အသိပညာပေး ဆွေးနွေးမျှဝေပေးကြရာ လုပ်ငန်းရှင်များအပြင် အသိပညာဗဟုသုတ ရရှိလိုသည့် ပြည်သူများဖြင့်လည်း စည်ကားခဲ့သည်။

“ကျွန်မကတော့ MSME ထုတ်ကုန် ပစ္စည်းတွေကို စိတ်ဝင်စားတဲ့အတွက် မကွေးမြို့ကနေ လာရောက်လေ့လာတာဖြစ်ပါတယ်။ ဝင်ရောက်လေ့လာတဲ့အခါမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကထွက်တဲ့ ဒေသထွက်ကုန်တွေနဲ့ တိုင်းရင်းသား ရိုးရာအစားအစာတွေကို သိရှိရတဲ့အတွက် ဗဟုသုတတွေ ရရှိပါတယ်။ ဒါ့အပြင် Super Seven Stars Industrial Development ပြခန်းမှာဆိုရင် နိုင်ငံတကာကုမ္ပဏီ (၄၂) ခုက ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းအမျိုးပေါင်း (၂၁၆) ခု ခင်းကျင်းပြသထားတာကိုလည်း လေ့လာခဲ့ရပါတယ်။ ဒါပြင် အသေးစား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်နေသူတွေအတွက် အနာဂတ်နည်းပညာ ကဏ္ဍတိုးတက်ဖို့ နည်းပညာမြင့်မားတဲ့ စက်ယန္တရား အမျိုးအစား (၁၄) မျိုးနဲ့ စွမ်းဆောင်ရည်တွေကို ၇၅ လက်မတီဗီများနဲ့ ပြသထားတဲ့အပြင် ဝန်ထမ်းတွေရဲ့ ရှင်းလင်းပြသမှုတွေကြောင့် MSME လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဝင်ရောက် လေ့လာကြသူတွေအတွက် နည်းပညာပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိပါတယ်” ဟု ဒေါ်ကေသီခိုင် က ပြောသည်။

ထို့ပြင် ပွဲတော်သို့ လာရောက်ကြသည့် ပြည်သူများကို သက်ဆိုင်ရာ တိုင်းရင်းသာ ရိုးရာပြခန်းများ အလိုက် ခင်းကျင်းပြသ ရောင်းချပေးနေကြသည့် တိုင်းရင်းသားအဖွဲ့များက ရင်းနှီးနွေးထွေးစွာ ကြိုဆိုကြပြီး ရိုးရာယဉ်ကျေးမှုဆိုင်ရာဗဟုသုတများ၊ ဒေသန္တရဗဟုသုတများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အထင်ကရနေရာများ၊ ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များနှင့် ဒေသအလိုက် ရိုးရာအစားအစာများ၊ MSME ထုတ်ကုန်များအကြောင်းကို နွေးထွေးပျူငှာစွာ ရှင်းလင်းပြသပေးကြရာ ပွဲတော်လာပြည်သူများ စိတ်အားထက်သန်စွာ လေ့လာကြည့်ရှုကြပြီး တိုင်းရင်းသားအဖွဲ့များဖြင့် ဂုဏ်ယူစွာ အမှတ်တရဓာတ်ပုံ ရိုက်ကြသူများဖြင့်လည်း စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

အထူး ပျော်ရွှင်စရာအစီအစဉ်အနေဖြင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များက သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှုအကအလှများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ပေါ်လွင်စေသည့် သီချင်းများ၊ မျိုးချစ်စိတ်နှင့် ဇာတိမာန်ကို တက်ကြွစေမည့် သီချင်းများ၊ ရိုးရာအကအလှများကို ပြခန်းများရှေ့၌ ဖျော်ဖြေတင်ဆက်ကြရာလာရောက် လေ့လာကြည့်ရှုကြသည့် ပြည်သူများကလည်း တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များနှင့်အတူ ပျော်ရွှင်စွာ သီဆိုကခုန် ပါဝင်ဆင်နွှဲကြသည်ကိုလည်း တွေ့ရသည်။

ထို့ပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့က စားသောက် ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို အထူးဈေးနှုန်းဖြင့် ချိုသာစွာရောင်းချပေးလျက်ရှိရာ ဝယ်ယူကြသူများ များပြားလျက်ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားရိုးရာ အစားအစာ အရောင်းပြခန်းများ၌လည်း  ဒေသထွက်အစားအသောက်များ၊ တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများနှင့် တိုင်းရင်းသားရိုးရာ ဝတ်စုံများကို ပြည်သူများ စိတ်ကြိုက်ဝယ်ယူ စားသုံးနိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာ  ရောင်းချပေးလျက်ရှိရာ စားသောက်သူများ၊ ဝယ်ယူကြသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။

ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ အနုပညာဦးစီးဌာနနှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ဖွဲ့မှ အနုပညာရှင်များက မျိုးချစ် စိတ်နှင့် ဇာတိမာန် တက်ကြွစေမည့် တေးသီချင်းများဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများ ပေါင်းစပ်၍ လည်းကောင်း မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေကြရာ ပြည်သူများ တစ်ခဲနက်ပါဝင်ဆင်နွှဲကြသည်။

ဖေဖော်ဝါရီ ၁၄ ရက်အထိ (၅) တိုင်ကျင်းပမည့် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသ ရောင်းချပွဲတော်တွင် တိုင်းရင်းသားများ၏ ရိုးရာအကအလှများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း လေ့လာမြင်တွေ့ရမည်ဖြစ်ပြီး တိုင်းရင်းသားများ၏ ရိုးရာဝတ်စားဆင်ယင်မှု၊ အစားအစာများ၊ ဝန်ကြီးဌာနများမှ ထုတ်ကုန်ပစ္စည်းများ၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) ထုတ်ကုန်များနှင့် မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဖွင့်လှစ်ရောင်းချနေသည့် ကုန်ပစ္စည်းများကိုလည်း တစုတဝေးတည်း တစ်နေရာတည်းတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

 

သတင်း- သန်းမင်းအောင်၊ ဂျိုင်းလော

ဓာတ်ပုံ - ဖိုးပြည့်စုံ