နေပြည်တော် ဖေဖော်ဝါရီ ၁၁
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားစိုက်ပျိုးရေး သိပ္ပံကျောင်းဝန်အတွင်းရှိ ဓာတ်ခွဲခန်း အဆောက် အအုံသစ်၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဌတို့က စိုက်ပျိုးရေး ထွက်ကုန်များ အရည်အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်း အဆောက်အအုံ ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးကြပြီး ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် ဒုတိယ ဝန်ကြီးများက ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က သီးနှံများ၏ အရည်အသွေးဆိုင်ရာ စံချိန်စံညွှန်းများတွင် အာဟာရဓာတ် ပါဝင်မှုများခြင်း၊ လတ်ဆတ်၍ နှစ်လိုဖွယ်ရာရှိခြင်းများအပြင် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အဏုဇီဝပိုးများ၊ မှိုအဆိပ်များ၊ အဆိပ်ဖြစ်စေသည့် သတ္တုဓာတ်များနှင့် ပိုးသတ်ဆေး ဓာတ်ကြွင်းများ မပါရှိရန် အလွန်အရေးကြီးကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် ဓာတ်ခွဲခန်းတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းများနှင့် အာဟာရဓာတ်များကို နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲစစ်ဆေးပေးနိုင်မည်ဖြစ်၍ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများကို တာဝန်ကျေပွန်စွာဖြင့် တိုးမြှင့်လုပ်ဆောင်သွားရန် တိုက်တွန်းပါကြောင်းပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း တည်ဆောက်ဖွင့်လှစ်ရခြင်းနှင့် ပြည်တွင်း စားသုံးမှုနှင့် ပို့ကုန်များ၏ အစားအစာ ဘေးကင်းလုံခြုံမှုအတွက် ဓါတ်ခွဲခန်းလုပ်ငန်းများ၏ အရေးပါမှု နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်း ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယခုဖွင့်လှစ်သော စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်းတွင် ခေတ်မီစက်ကိရိယာဖြစ်သည့် Liquid Chromatography and Inductively Coupled Plasma Spectrometry (LC-ICP MS) ကိုအသုံးပြုပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်း။ GAP လုပ်ငန်းစဉ်နှင့် ပြည်ပသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုအတွက် အရေးကြီးသော အဆိပ်ဖြစ်သတ္တုဓာတ်များဖြစ်သည့် အာဆင်းနစ် (Arsenic) ကက်ဒ်မီ ယမ် (Cadmium), ကြေးနီ (Copper),ခဲ(Lead)နှင့် နီကယ်(Nickel) များကို စစ်ဆေးပေး သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးထွက်ကုန်များတွင် ရောနှောပါဝင်နေတတ်သည့် အဆိပ်ဖြစ် သတ္ထုဓာတ် (Heavy metals) များစစ်ဆေးခြင်း၊ GAP လုပ်ငန်းစဉ်တွင် ပါဝင်သည့် စိုက်ခင်း မစတင်မီ မြေနမူနာနှင့် ရေနမူနာတို့တွင်ပါဝင်နိုင်သည့် အဆိပ်ဖြစ်သတ္ထုဓာတ် (Heavy metals) များ စစ်ဆေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခြင်းအပြင် စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေးနှင့် အာဟာရဓာတ်များကို တိုင်းတာ စစ်ဆေးနိုင်ရန် အတွက်လည်း ဆောင်ရွက်ထားရှိကြောင်း၊ သီးနှံများ၏ အချိုဓာတ်၊ အချဉ်ဓာတ်၊ ဗီတာမင်စီ၊ ဘီတာခရိုတင်းနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း အန်တီအောက် စီးဒင့် (antioxidants) များကိုလည်း ခေတ်မီစက်ကိရိယာ နည်းပညာများ အသုံးပြုခြင်းဖြင့် တိုင်းတာစစ်ဆေးပေးသွားမည်ဖြစ်ပြီး အရည်အသွေးနှင့် အာဟာရဓာတ် ပြည့်ဝသော စိုက်ပျိုးရေးထွက်ကုန်များကို အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်များအနေဖြင့် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းအား တိုးတက်မြင့်မားလာစေရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးဓာတ်ခွဲခန်းကို ရန်ကုန်မြို့တွင် တည်ထောင်ထားရှိခဲ့ရာ ယခုနေပြည်တော်တွင် ထပ်မံ၍တိုးချဲ့ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့တွင်လည်း ဆက်လက်၍ ဖွင့်လှစ်နိုင်ရေး စီမံထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်