ရန်ကုန် ဇန်နဝါရီ ၁၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ (သဘောရေးဖြေ) ဖြေဆိုပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ (သဘောရေးဖြေ) ပွဲ၌ အဘိဓမ္မာ (ဒုတိယပိုင်း) တွင် စာရင်းသွင်း သံဃာတော် ၄ ပါးရှိပြီး ဖြေဆို သံဃာတော် (၄) ပါး၊ အဘိဓမ္မာ (ပထမပိုင်း) တွင် စာရင်းသွင်း သံဃာတော် ၁၇ ပါးရှိပြီး ဖြေဆိုသံဃာတော် (၁၅) ပါး၊ ဒီဃနိကာယ်ကျမ်းတွင် စာရင်းသွင်း သံဃာတော် ၃၈ ပါးရှိပြီး ဖြေဆိုသံဃာတော် ၃၅ ပါး၊ ဝိနည်း (ပထမပိုင်း) တွင် စာရင်းသွင်း သံဃာတော် ၁၂၆ ပါးရှိပြီး ဖြေဆိုသံဃာတော် ၁၁၃ ပါး တို့ဖြစ်သည်။
ယနေ့ ဖြေဆိုကြသည့် သံဃာတော်များနှင့် ကြီးကြပ်ဆရာတော်များအား နေ့ဆွမ်း အလှူရှင် ဒေါက်တာမျိုးထက်အေးနှင့်ဇနီး မိသားစုများ၊ သာကေတမြို့နယ်မှ ပရဟိတ အကျိုးဆောင်အလှူရှင်များအဖွဲ့ (ရန်ကုန်) နှင့် ဗီယက်နမ်နိုင်ငံ သာသနာပြုကုသိုလ်အဖွဲ့မှ အချိုရည်နှင့် ရဟန်းအသုံးဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်