ရန်ကုန် ဇန်နဝါရီ ၄
၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ကျင်းပသည်။
နံနက် ၄ နာရီ မိနစ် ၂၀ တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ကျင်းပရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲ အလံတင်တပ်စုက နိုင်ငံတော်အလံကို လွှင့်တင်ကြပြီး ဌာနဆိုင်ရာများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် အတူနိုင်ငံတော်အလံအား အလေးပြုကြသည်။
နံနက် ၇ နာရီတွင် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူ၍ ဂုဏ်ပြုတပ်ဖွဲ့၊ တက်ရောက်လာကြသူများနှင့်အတူ နိုင်ငံတော်အလံကို အလေးပြုကြပြီး ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကာ ဂုဏ်ပြုတပ်ဖွဲ့က သစ္စာလေးချက်ကို ရွတ်ဆိုကြသည်။
ယင်းနောက် တိုင်းဒေသကြီး၀န်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာကို ဖတ်ကြားသည်။
အခမ်းအနားများသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ကိုကိုဇော်-MNA


