မောင်ကမ္ဘာ
မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “လွတ်လပ်ရေးရတယ်ဆိုတဲ့ကိစ္စဟာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ လွတ်လပ်ရေးရရုံနဲ့ ကျုပ်တို့ပြဿနာတွေ ဖြေရှင်းသွားကြမှာမဟုတ်ဘူး။ အဲဒီအခါကျမှ တကယ့်ပြဿနာတွေ ပေါ်လာလိမ့်မယ်။ လွတ်လပ်ရေးဟာ လမ်းဆုံးမဟုတ်ဘဲ လူတွေရဲ့ကောင်းစားရေးကိုရောက်စေမယ့် လမ်းကြောင်းသာဖြစ်တယ်” ဟု မိန့်ကြားခဲ့ဖူးပါသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရှေးမွန်မဆွက ကြိုတင်တွက်ချက်ခန့်မှန်းထား သကဲ့သို့ပင် ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဗြိတိန်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ဒတ်ချ်စသည့် ကိုလိုနီ နယ်ချဲ့တို့ထံမှ လွတ်လပ်ရေးရရှိခဲ့ကြသော မြန်မာ နိုင်ငံအပါအဝင် ထွန်းသစ်စနိုင်ငံတိုင်းလိုလိုပင် လွတ်လပ်ရေးရမှ တကယ့်ပြဿနာပေါင်းစုံနှင့် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ကြုံတွေ့ကြရတော့သည်။
သွေးခွဲအုပ်ချုပ်ရေးပေါ်လစီကို ကျင့်သုံး
ကိုလိုနီနယ်ချဲ့နိုင်ငံကြီးများသည် နယ်ချဲ့သမားများပီပီ သွေးခွဲအုပ်ချုပ်ရေးပေါ်လစီ (Policy of Divide and Rule) ကိုကျင့်သုံးပြီး အချင်းချင်းကြား သွေးခွဲသပ်လျှို ရန်တိုက်ပေးခဲ့ကြသည့်အတွက် ထွန်းသစ်စနိုင်ငံငယ်များမဆိုထားဘိ အိန္ဒိယနိုင်ငံကဲ့သို့သော နိုင်ငံကြီးများပင် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကြောင့် အပိုင်းလိုက်ကွဲထွက်သွားခဲ့သည်။ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများက အိန္ဒိယနိုင်ငံမှခွဲထွက်ပြီး နိုင်ငံသစ်ထူထောင်ခဲ့ကြသည်။ ခွဲထွက်ပြီးနောက်ပိုင်းတွင်လည်း အိန္ဒိယ-ပါကစ္စတန်နှစ်နိုင်ငံတို့သည် စစ်ပွဲများအကြိမ်ကြိမ် ဖြစ်ပွားခဲ့ကြပြန်သည်။
ပြင်သစ်ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်မြောက်ခဲ့သည့် ဗီယက်နမ်နိုင်ငံသည်လည်း တောင်၊ မြောက် နှစ်ပိုင်းကွဲပြီး အချင်းချင်းစစ်ခင်းကြရာမှ ကိုလိုနီနယ်ချဲ့လက်သစ်အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုနှင့်အတူ ဗီယက်နမ် - အမေရိကန်စစ်ပွဲကြီး ထပ်မံဖြစ်ပွားခဲ့ပြီး နိုင်ငံမှာလည်း ထောင်လမောင်းကြေမွပျက်စီးကျန်ရစ်ခဲ့ရသည်။
ထို့အတူ ပြင်သစ်ကိုလိုနီနယ်ချဲ့လက်အောက် မှလွတ်မြောက်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံသည်လည်း ဆယ်စုနှစ်နှင့်ချီပြီးဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် သန်းပေါင်းများစွာသော ပြည်သူများ သေကျေပျက်စီးခဲ့ကြရပြန်သည်။ အင်ဒိုနီးရှား၊ လာအိုနိုင်ငံတို့တွင်လည်း ဝါဒရေးရာကွဲပြားမှုများမှ တစ်ဆင့် ပေါ်ပေါက်ခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ကြရလေသည်။
သို့တစေ ယနေ့မျက်မှောက်ကာလတွင်မူ အဆိုပါဒေသတွင်းနိုင်ငံများသည် အတိတ်ကာလက သမိုင်း၏ဆိုးမွေများကို သမိုင်းသင်ခန်းစာရယူ ခဲ့ကြပြီး နာကြည်းမုန်းတီးမှုများကို ခဝါချ၍ အခြား ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန် ကျားကုတ်ကျားခဲ ကြိုးပမ်းတည်ဆောက်လျက်ရှိကြသည်။
ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိ
ခမာနီတို့လက်ထက်တွင် ပြည်သူသန်းပေါင်း များစွာအသတ်ခံခဲ့ရပြီး Killing Fields အဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ကမ္ဘောဒီးယားနိုင်ငံသည် ယနေ့မျက်မှောက်ကာလတွင် ဖွံ့ဖြိုးတိုးတကမှုလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာ သည်။ ၂၀၂၅ ခုနှစ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၃ ရာခိုင်နှုန်း၊ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၃၉ ဘီလီယံနှင့် နိုင်ငံသားတစ်ဦးချင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး ၂၉၂၄ ဒေါ်လာအထိ တိုးမြင့်လာရန် မျှော်မှန်းထားကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းတင်ပို့မှု၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ၊ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့အပေါ် အခြေခံ ထားသည်။ ခရီးသွားလုပ်ငန်းအနေဖြင့် ယခုနှစ်ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် ခြောက်သန်းကျော် စံချိန်တင်ဝင်ရောက်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် နိုင်ငံတကာ ခရီးသွား ဝင်ရောက်မှု ၂၂ ရာခိုင်နှုန်းတိုးတက်လာသည်ဟု ဆိုသည်။
ဗီယက်နမ်နိုင်ငံအနေဖြင့်မူ ယခုနှစ်ပထမ ၁၀ လတာအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၁၄ ဒသမ ၁ သန်းဝင်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၄၁ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာသည်ဟု ဆိုသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ယခုနှစ်နိုဝင်ဘာလ လယ်အထိ နိုင်ငံခြားခရီးသွားဧည့်သည် ၃၀ ဒသမ ၅၆ သန်းကျော် စံချိန်တင်ဝင်ရောက်ခဲ့ပြီး ဝင်ငွေ အားဖြင့် ဘတ် ၁ ဒသမ ၄၃ ထရီလီယံ(အမေရိကန် ဒေါ်လာ ၄၁ ဒသမ ၄၀ ဘီလီယံခန့်)ရရှိခဲ့ကြောင်း၊ ယခုနှစ်တစ်နှစ်တာပတ်လုံးအတွက် ခရီးသွား လုပ်ငန်းမှဝင်ငွေပမာဏ ဘတ် ၃ ဒသမ ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၃၃ ဘီလီယံခန့်)ရရှိနိုင်ရန် မျှော်မှန်းထားသည်ဟု ဆိုသည်။
နိုင်ငံတကာ ကုန်သွယ်မှုနှင့် စီးပွားရေးဖလှယ်မှုများကို မြှင့်တင်
ဒေသတွင်းကုန်းတွင်းပိတ် နိုင်ငံဖြစ်သည့် လာအိုနိုင်ငံသည်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် နိုင်ငံတကာ ကုန်သွယ်မှုနှင့် စီးပွားရေးဖလှယ်မှုများကို မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အင်ဒိုနီးရှားနိုင်ငံကလည်း ယခုနှစ်ဒီဇင်ဘာလ အတွင်းမှာပင် Apple ကုမ္ပဏီ၏ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရင်းနှီးမြှုပ်နှံမှုကို သဘောတူခဲ့သလို အင်ဒိုနီးရှား၏ စွမ်းအင်ဖူလုံမှု ရှိစေရေးအတွက်လည်း နျူကလီးယားစွမ်းအင်သုံးစွဲမှုမြှင့်တင်သွားမည်ဟုဆိုသည်။ နျူကလီးယား စွမ်းအင်မြှင့်တင်ရေး စီမံကိန်းအရ မဂ္ဂါဝပ် ၂၅၀ မှ မဂ္ဂါဝပ် ၅၀၀ အထိ ရှိသော အသေးစားနျူကလီးယားဓာတ်အားပေး စက်ရုံတစ်ခုတည်ဆောက်မည်ဟု သိရသည်။
အင်ဒိုနီးရှားနိုင်ငံပြီးလျှင် ဒေသတွင်းဒုတိယ အကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့်မူ နဂိုရှိရင်းစွဲအရင်းအမြစ်များ၊ အခွင့်အလမ်းကောင်းများကို ကောင်းစွာအသုံးမချနိုင်ဘဲ လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲပေါ်ပေါက်ခဲ့သော လက်နက်ကိုင်ပဋိပက္ခဝဲဩဃအတွင်းမှ ယခုတိုင် ရုန်းမထွက်နိုင်ဘဲ တဝဲဝဲတလည်လည် ဖြစ်နေသေးသည့်အတွက် ဒေသတွင်း အခြားနိုင်ငံများထက် ရှိသင့်ရှိထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်သော အခွင့်အလမ်းကောင်းများကို လက်လွတ်ဆုံးရှုံးနေဆဲ ဟု ဆိုရမည်ဖြစ်သည်။
နိုင်ငံရေးအကျပ်အတည်းတစ်ရပ် ထပ်မံပေါ်ပေါက်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း က “တိုင်းပြည်ပြန်လည်ထူထောင်ရာမှာ အခုရုရှား ပြည်သစ်တည်ခါစကလို၊ အခု ဘိလပ်မှာဖြစ်နေသလို လူတွေဟာ အင်မတန်ခြိုးခြံသည်းခံပြီး ဇွဲနပဲနဲ့ စိစစ် ဆောင်ရွက်လုပ်ကိုင်နိုင်မှ တော်ကာကျပြီး ပြာပုံအတိဖြစ်နေတဲ့ မြန်မာပြည်ကြီးကို စည်ပင်သာယာဝပြောအောင် မနည်းကျုပ်တို့လုပ်ရလိမ့်မယ်ဆိုတာကို ကျုပ်တို့ဟာ လူထု ခေါင်းဆောင်တွေဆိုလို့ရှိရင် လူထုနားလည်အောင် ရှေ့ဆောင်ဟောပြောညွှန်ပြပြီး သတ္တိရှိရှိလုပ်ပြရလိမ့်မယ်”လို့ မိန့်ကြားခဲ့ သော်ငြား ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အာဏာရပါတီ၏ မဲမသမာမှုများကို အကြောင်းပြု၍ နိုင်ငံရေးအကျပ်အတည်း တစ်ရပ် ထပ်မံပေါ်ပေါက်လာခဲ့ပြန်ပါသည်။
တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အရေးပေါ်ကာလပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်၏အာဏာကိုထိန်းသိမ်းခဲ့ပြီး နောက်ပိုင်းကာလတွင်လည်း ပြည်ပနိုင်ငံကြီးအချို့နှင့် ပြည်ပဩဇာခံအဖွဲ့အစည်းများ၊ သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့များက အခွင့်ကောင်းအဖြစ်ယူဆ ပြီး တိုက်ကွက်များဖော်ဆောင်လာမှုကြောင့် လက်နက်ကိုင်ပဋိပက္ခများ တစ်ကျော့ပြန် ပြန်လည် ဖြစ်ပွားလာခဲ့ပြန်သည်။ တစ်ကျော့ပြန်လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံတော်ကနှစ်ရှည်လ များ ကြိုးပမ်းတည်ဆောက်ထားခဲ့သော လမ်း၊ တံတား၊ ဆက်သွယ်ရေးအခြေခံအဆောက်အအုံ များစွာ၊ နိုင်ငံပိုင်၊ ပြည်သူပိုင်အဆောက်အအုံများနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြန်သည်။
မျက်မှောက်ကာလတွင် ရင်ဆိုင်ကြုံတွေ့နေရ သော စိန်ခေါ်မှုများ၊ အခက်အခဲ အကျပ်အတည်းများ ကိုကျော်လွှားနိုင်ရန် မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူများအနေဖြင့် ဒေသတွင်း နိုင်ငံများနည်းတူ အသိဉာဏ်ပညာ၊ ဆင်ခြင်တုံတရားနှင့်ယှဉ်၍ အတိတ်ကသမိုင်း၏ ဆိုးမွေများကို သမိုင်းသင်ခန်း စာအဖြစ်ရယူပြီး တစ်မျိုးသားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း မှန်အပေါ် အမြန်ဆုံးပြန်လည်ကြိုးပမ်း လျှောက်လှမ်းကြရပါမည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုဝင်ဘာလ ၂၇ ရက်နေ့က နေပြည်တော်၌ပြုလုပ်သည့် ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးတွင် “နိုင်ငံတော်၏ GDP တိုးတက်လာမည်ဆိုပါက ဘတ်ဂျက်ပိုမို အသုံးပြု၍ရနိုင်မည်ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ GDP သည် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများထက် လျော့ပါးလျက် ရှိသည်ကိုတွေ့ရ၍ GDP တိုးတက်လာရေး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း” ပြောကြားခဲ့ပါသည်။
တစ်ဆက်တည်းမှာပင် နိုင်ငံတော်အကြီးအကဲ က “ပဒေသာပင် မြေကြီးမှမပေါက်နိုင်ကြောင်း၊ ကြိုးစားလုပ်ကိုင်ခြင်းဖြင့်သာ ပဒေသာပင်ပေါက် နိုင်သဖြင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလေးအနက်ထား၍ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း”ပြောကြားခဲ့ပါသည်။
စီးပွားရေးအပိုင်းတွင် သွေးအေးလျက်ရှိ
မှန်ပါသည်။ တကယ်တမ်း မထောက်မညှာဆိုရ ပါမူ ဒေသတွင်းအားကစားပြိုင်ပွဲများ၌ အထူးသဖြင့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများတွင် မြန်မာ့လက်ရွေး စင်ဘောလုံးအသင်းက ပြိုင်ဘက် နိုင်ငံ့လက်ရွေးစင် ဘောလုံးအသင်းတစ်သင်းကို ရှုံးနိမ့်ခဲ့ပါလျှင် မခံမရပ်နိုင်အောင် ခံစားချက် ပြင်းထန်လေ့ရှိသော မြန်မာပြည်သူအပေါင်းသည် ဒေသတွင်းနိုင်ငံအချို့နှင့်ယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးအပိုင်းတွင် လတ်တလော နောက်ကျကျန်ရစ်နေသည့် အခြေ အနေရလဒ်အပေါ်၌မူ သွေးအေးလျက်ရှိသည်ဟု ဆိုရပါမည်။
အမှန်တကယ်အားဖြင့် မြန်မာနိုင်ငံသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆွေးနွေးအဖြေရှာပြီး စီးပွားရေးအပိုင်းကို အလေးအနက်ထားကာ ဧကမူစိတ်တစ်ခုတည်းဖြင့် ကျားကုတ်ကျားခဲ ကြိုးပမ်းဆောင်ရွက်နိုင်မည်ဆိုပါက အခြားဒေသတွင်းနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်မှုကို အမြန်ဆုံးရယူဆောင်ကြဉ်းနိုင်မည်ဖြစ်သည်။ မဆုတ်မနစ် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက မူလဘူတအခြေခံ ကောင်းများစွာ ပိုင်ဆိုင်နေသော မြန်မာနိုင်ငံသည်ဒေသတွင်း အခြားနိုင်ငံများထက်ပင် ကျော်လွန်၍ ဦးဆောင်မှုအခန်းကဏ္ဍကို ပြန်လည်ရယူနိုင်မည် ဖြစ်သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီအခြေစိုက်မဟာဗျူဟာလေ့လာသုံးသပ်သူ ဆောင်းပါးရှင် Atul Aneja ကလည်း “Why transitional elections in Myanmar would be good for Asia and the World” (မြန်မာ နိုင်ငံတွင် အသွင်ကူးပြောင်းရေးရွေးကောက်ပွဲများ ကျင်းပခြင်းအားဖြင့် အာရှနှင့် ကမ္ဘာအတွက် ကောင်းမွန်စေနိုင်သော အကြောင်းတရားများ) ဆိုသည့်ခေါင်းစဉ်ဖြင့် ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာ တွင် ရေးသားဖော်ပြခဲ့ပါသည်။
ပထမအကြောင်းတရားအနေဖြင့် မြန်မာနိုင်ငံတွင် တည်ငြိမ်အေးငြိမ်းမှုကို ပြန်လည်ရရှိစေမည့် လူထုဆန္ဒမဲများကို အခြေခံသည့် ရွေးကောက်ပွဲများ ကျင်းပခြင်းအားဖြင့် နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှုအသစ်ကိုရရှိလာကာ အရှိန်အဟုန်ဖြင့် တိုးတက်မှုရရှိစေမည့် မောင်းနှင်အား (အင်ဂျင်) ဖြစ်လာနိုင်ကြောင်း၊ နေပြည်တော်သည် စီးပွားရေးအသွင်ကူးပြောင်းမှုကို ထိန်းကျောင်းရန် ကောင်းမြတ် သောဂုဏ်အင်္ဂါများရှိသောကြောင့် မြန်မာနိုင်ငံသည် အာရှကျား ဖြစ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များ ကြွယ်ဝစွာတည်ရှိနေပြီး အဆိုပါအရင်းအမြစ်များကို ထိရောက်စွာအသုံးချပါက လျင်မြန်သော စီးပွားရေး တိုးတက်မှုကိုဖြစ်ပေါ် စေမည့်အလားအလာရှိကြောင်း ရေးသားထားသည်။ ထို့ပြင် ကမ္ဘာပေါ်တွင် သတ္တမမြောက် ဆန်အများဆုံးထုတ်လုပ်သော နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် ဒေသတွင်းစားရေရိက္ခာ ဖူလုံရေးအတွက် အာရှတွင် အဓိကကျသည့် အခန်းကဏ္ဍ၌ ပါဝင်နေသည်ဟု ဆိုသည်။
ဒေသဆိုင်ရာသာယာဝပြောမှုကို ဖြစ်ပေါ်စေနိုင်
ဒုတိယအကြောင်းတရားအနေဖြင့် အောင်မြင်သောအသွင်ကူးပြောင်းရေး ရွေးကောက်ပွဲများသည် အာရှတစ်လွှားဒေသဆိုင်ရာ သာယာဝပြောမှုကို ဖြစ်ပေါ်စေနိုင်သည်။ အဓိကအားဖြင့် မြန်မာနိုင်ငံသည် ကြွယ်ဝသောသဘာဝအရင်းအမြစ်များနှင့် အလုပ်လုပ်နိုင်သော ငယ်ရွယ်သူ လူဦးရေရှိသည့်အပြင် ထူးခြားသောပထဝီဝင် စီးပွားရေးတည်နေရာ အရဖြစ်သည်ဟု သုံးသပ်တင်ပြထားသည်။
တတိယအကြောင်းတရားအနေဖြင့် ရွေးကောက်ပွဲများမှတစ်ဆင့် နိုင်ငံရေးအကူး အပြောင်းအပြီးတွင် မြန်မာနိုင်ငံသည် တိုးတက်ပြောင်းလဲနေသော “နိုင်ငံစုံလွန်ဆွဲမှု ကမ္ဘာ့အစီအစဉ်” (Multi-Polar World)ကို အားကောင်းစေရန်အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည့် အလားအလာရှိကြောင်း၊ ရွေးကောက်ပွဲအပြီးတွင် နိုင်ငံတည်ငြိမ်မှု တိုးတက်လာသည်နှင့်အမျှ မြန်မာ နိုင်ငံသည် အိန္ဒိယ၊ တရုတ်၊ ရုရှား၊ အာဆီယံနှင့် အမေရိကန်တို့ ကဲ့သို့ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ချိတ်ဆက်မှုကိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း ဆောင်းပါးရှင်က အကျယ်တဝင့်သုံးသပ်ရေးသားဖော်ပြခဲ့ပါသည်။
သို့ဖြစ်ရကား “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဆောင်ပုဒ်အတိုင်း နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ် ရေး၊ အမျိုးသားရေးစရိုက်လက္ခဏာနှင့် အမျိုးသားရေးစိတ်ဓာတ်မြှင့်တင်ရေးတို့အတွက် ခိုင်မာသည့်ဇွဲ၊ လုံ့လ၊ ဝီရိယတို့ထားပြီး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ရေး စသည့် ၂၀၂၅ ခုနှစ် (၇၇)နှစ် မြောက် လွတ်လပ်ရေးနေ့အမျိုးသားရေး ဦးတည်ချက် (၅) ရပ်နှင့်အညီ အမိနိုင်ငံတော်ကြီး အေးချမ်းသာယာဝပြောရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးဦးထမ်းပဲ့ထမ်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။