ဒဂုံမြောက် ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နဝရတ်ပန်းခြံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက (၃၆)ရပ်ကွက်၊ နဝရတ်လမ်း၊ မြရတနာလမ်း၊ မဟူရာလမ်းနှင့် နီလာလမ်းတို့အလယ်ရှိ အဆိုပါပန်းခြံတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်သည်။
ဦးစွာ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် အဖွဲ့ဝင်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
နဝရတ်ပန်းခြံသည် မြေအကျယ်အဝန်း (၁ ဒသမ ၃၅၉)ဧက ကျယ်ဝန်းပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ပန်းခြံအတွင်း အလျား ၈၀ ပေ၊ အနံ ၉၀ ပေ၊ အနက် ၁၂ ပေရှိ ဂါလန် ၁၂ သိန်းဆံ့ ရေကန်တူးဖော်ခြင်း၊ ပန်းခြံဧရိယာအား အုတ်၊ သံပန်းခြံစည်းရိုး ၁၀၈၀ ပေ ကာရံခြင်း၊ မြေဖို့ခြင်းလုပ်ငန်းများ ဆောက်ရွက်ခဲ့ကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နဝရတ်ပန်းခြံအား အများပြည်သူ လွတ်လပ်စွာ အနားယူအပန်းဖြေနိုင်ရန်အတွက် လုံခြုံရေးမီးတိုင် (၁၁)တိုင် စိုက်ထူခြင်း၊ မြင်းကောင်ရေ (၃)ကောင်အား အလှရေပန်းတစ်ခု တပ်ဆင်ခြင်း၊ ၁၄၂၈ ပေအရှည် ပန်းခြံအတွင်း Interlock လျှောက်လမ်းဖောက်လုပ်ခြင်း၊ စိမ်းလန်းသာယာ စိုပြည်စေရေးအတွက် အရိပ်ရပန်းပင်ကြီး (၁၆၅)ပင်၊ အရွက်လှပန်းပင်နွယ်ပင် (၇၀၈၁)ပင်၊ ရာသီပန်းပင် (၃၄၀၀)ပင်တို့ စိုက်ပျိုးခဲ့ခြင်းနှင့် မြေယာရှုခင်း ဆောင်ရွက်ခြင်းလုပ်ငန်းများအား အပြီးသတ်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)