ဟိုပုံး ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဝမ်ခွမ်ကျေးရွာ၌ ကျေးရွာတွင်းသဲဗြုန်းလမ်းနှင့် သစ်သားတံတား သစ်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်က အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်လွင်လွင်ဦးက ဝမ်ခွမ်ကျေးရွာတွင် ကျေးရွာတွင်းလမ်း သဲဗြုန်းခင်းခြင်းနှင့် သစ်တားတံတား တည်ဆောက်ခဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားကာ ကျေးရွာကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာကြသော ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်၊ ဒေသဦးစီးမှူး ဒေါ်လွင်လွင်ဦး၊ ဟိုပုံးမြို့နယ် ဦးစီးမှူး ဦးစိုးလွင်မြင့်နှင့် တာဝန်ရှိသူများက သဲဗြုန်းလမ်းနှင့် သစ်သားတံတားသစ် မုခ်ဦးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းနှင့် တံတားအား လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါကျေးရွာတွင်းလမ်းသည် အရှည်ပေ ၈၄၀၊ အကျယ် ၁၀ ပေ၊ ထု ၃ လက်မရှိ သဲဗြုန်းခင်းခြင်းနှင့် အလျားပေ ၇၀၊ အနံ ၁၀ ပေ၊ အမြင့် ၁၃ ပေရှိ သစ်သားတံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေကျပ် (၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၂ ဒသမ ၆)သန်း စုစုပေါင်းရန်ပုံငွေကျပ် (၁၇ ဒသမ ၆)သန်း အသုံးပြုကာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ/ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်