ရန်ကုန် ဖေဖော်ဝါရီ ၆
၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်ဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အတွင်းပဒံကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ စုပေါင်းရုံးအဆောက်အအုံအမှတ် (၂)ရှိ ရုံးနေရာ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တရားရုံး အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်တို့သည် မြို့နယ်တရားရုံးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းကို အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ စွမ်းဆုကြွယ်ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက အဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခြင်း၊ အထိမ်းအမှတ် ဖန်သားတံဆိပ်တုံး၊ အထိမ်းအမှတ်အလံငယ်များ ပေးအပ်ခြင်း၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တရားရုံး၊ မြို့နယ်တရားသူကြီး ဒေါ်ချမ်းမြမွန်က ကျေးဇူးတင်စကားပြောကြားခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်