နေပြည်တော် ဇန်နဝါရီ ၁၀
၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် နှင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက် MSMEကုန်ထုတ်လုပ်ငန်းများကို နေပြည်တော်တပေါင်းကွင်း၌ ခင်းကျင်းပြသရောင်းချနိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဌာနကြီးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ စီးပွားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက် MSME ကုန်ထုတ် လုပ်ငန်းများနှင့်ပတ်သက်၍ ဒေသထွက်ကုန်ပစ္စည်းများနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသ ရောင်းချမှုကို ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး၊ အများပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် လာရောက်ကြည့်ရှုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရေး၊ လုံခြုံရေး၊ လျှစ်စစ်မီးရရှိရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ပြည်သူများ အပန်းဖြေနိုင်ရန်အတွက် ဖျော်ဖြေရေးအစီအစဉ်များ ဆောင်ရွက်ရေးတို့ကို အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSMEထုတ်ကုန်များ ခင်းကျင်းပြသနိုင်ရေး ဆပ်ကော်မတီ ဖွဲ့စည်းထားမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးဌာနကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသထွက် MSME ထုတ်ကုန်များနှင့် အစားအစာများ ခင်းကျင်းပြသရောင်းချမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်