လေးမျက်နှာ မတ် ၂၇
(၇၇) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကညင်တိုင်း - မှန်တန်း - စောပြာ - ပဆင ကျောက်ချောလမ်းသစ် ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ဟင်္သာတခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဟင်္သာတခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်နိုင်ဝင်း၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးမြင့်လင်းနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ခဲ့သည်။
ဦးစွာ ဟင်္သာတခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ လေးမျက်နှာမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ဆောင်ရွက်နေသည့် မြို့နယ်ဖြစ်သည့်အတွက် ကျေးလက်နှင့်မြို့ပြ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျေးလက်ဒေသနေ ပြည်သူများ၏ဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် လေးမျက်နှာမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးမြင့်လင်းမှ ကျောက်ချောလမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးရွာသူကျေးရွာသားများကိုယ်စား ရွာသားတစ်ဦးမှ ယခုလိုကျောက်ချောလမ်း ဖောက်လုပ်ပေးမှုအတွက် အထူးပင်ဝမ်းသာမိပါကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် ဟင်္သာတခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဟင်္သာတခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်နိုင်ဝင်းနှင့် လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်တို့မှ ကျောက်ချောလမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ ကျောက်ချောလမ်းအား ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါလမ်းသည် ယခင်က ၁၄ ပေ အကျယ်ရှိသော ကျေးရွာချင်းဆက် မြေသားလမ်းဖြစ်ပြီး ယခုအခါ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ရာ လမ်းအရှည် ၁ မိုင် ၄ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ၁၀ လက်မရှိ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုးရမှ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၂ ဒသမ ၄ သန်းဖြင့် ဆုဖြိုးရဲ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကျေးရွာချင်းဆက် ကျောက်ချောလမ်း ဆောင်ရွက်ပေးမှုကြောင့် ကျေးရွာ (၁၇) ရွာမှ အိမ်ခြေ (၉၈၄) အိမ်၊ လူဦးရေ (၃၆၁၆) ဦးတို့အတွက် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတို့ အဆင်ပြေ ချောမွေ့မည်ဖြစ်ပြီး ဒေသထွက်စိုက်ပျိုးသီးနှံများ စျေးကွက်သို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်တော့မည် ဖြစ်သည်။
ကျော်ဟိန်း(ပြန်/ဆက်)


